News

POST TYPE

NEWS

မိုင်းခတ်မြို့ မီးဘေးသင့်သူများကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ငွေနှင့် ဆန်အိတ် ၁၀၀ လှူဒါန်း
25-Feb-2020


ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့နယ် အင်ဝမ်မတ်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့က မီးလောင်မှုဖြစ်ပေါ်ခဲ့ရာ မီးဘေးသင့်ပြည်သူများကို ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများ၊ စေတနာ ရှင်တစ်ဦးတို့က ငွေနှင့်ဆန်အိတ် ၁၀၀ လှူဒါန်းခဲ့ကြောင်း မိုင်းခတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအားမဲက ပြောကြားသည်။

“ကျွန်တော့်မဲဆန္ဒနယ်ထဲက ပြည်သူတွေအတွက် လွှတ်တော်ဥက္ကဋ္ဌကြီးကို တင်ပြခဲ့လို့ စုပေါင်းလှူဒါန်းပေးကြတာပါ။ ဆန်အိတ်တွေ ကျိုင်းတုံကနေတစ်ဆင့် မိုင်းခတ်ကိုရောက်လာရင် သွားပြီးလှူဒါန်း ပေးပါမယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ကျပ် ၂၀ သိန်း၊ လွှတ်တော် ကိုယ်စားလှယ်များက ၂,၀၆၀,၀၀၀ ကျပ်၊ လွှတ်တော်ဝန်ထမ်းများက တစ်သိန်းကျပ်နှင့် စေတနာရှင် ဦးသော်တာက ဆန်အိတ် ၁၀၀ လှူဒါန်းပေးခဲ့ကြောင်း အလှူရှင် မှတ်တမ်းအရ သိရသည်။

“မီးဘေးသင့် အိမ်ထောင်စု ၆၀ အတွက် တစ်အိမ်ထောင်ကို ၂၂ မျိုးပါတဲ့ ထောက်ပံ့ပစ္စည်းတွေနဲ့ အိမ်ဆောက်ဖို့ အတွက် ထောက်ပံ့ငွေတွေဆိုရင် စုစုပေါင်း သိန်း ၁၀၀ ခန့် ပေးပြီးပါပြီ။ အခုလည်း တစ်အိမ်ထောင်ကို သွပ်အချပ် ၂၀ စီ ထပ်ပေးမှာဓဟု ကျိုင်းတုံခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူသွဲ့သွဲ့အောင်က ပြောကြားသည်။

အဲန်တိုင်းရင်းသားများ နေထိုင်သည့် အင်ဝမ်မတ်ရွာတွင် ဖေဖော်ဝါရီ ၁၂ ရက် နေ့က မီးလောင်မှုဖြစ်ပေါ်ခဲ့ရာ အိမ်ခြေ ၇၃ လုံးအနက် အိမ်ခြေ ၆၀ လုံး မီးလောင်ခဲ့ပြီး လူဦးရေ ၃၆၃ ဦး မီးဘေးသင့်ခဲ့ရာ မီးဘေးသင့်သူများကို စေတနာရှင်များက အစားအစာ၊ အဝတ်အထည်၊ ငွေနှင့်အိမ် ဆောက်ပစ္စည်းများ နေ့စဉ်လာရောက်လှူဒါန်းနေကြောင်း မိုင်းခတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

R-12