News

POST TYPE

NEWS

နှစ်ပေါင်း ၅၀ ကျော်ကာလက ဆက်ခံရသည့်အမွေကို လေးနှစ်အတွင်းအပြီးဖြေရှင်းရန် မဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
24-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဆက်ခံရသည့်အမွေသည် နှစ်ပေါင်း ၅၀ ကျော်ကာလက ကျန်ခဲ့သည့် အမွေဖြစ်သည့်အတွက် ယင်းအမွေများကို လေးနှစ်အတွင်း ပြီးစီးအောင်ဖြေရှင်းရန် မဖြစ်နိုင်သည့်အတွက် ပြည်သူလူထုအနေနှင့် နားလည်မှုနည်းနည်းပေးစေလိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်သို့ သွားရောက်ခဲ့ပြီး ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံခဲ့ကာ အဆိုပါတွေ့ဆုံပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရအနေနှင့် အတတ်နိုင်ဆုံးနှင့် အမြန်ဆုံးကြိုးစားနေပြီး အချို့နေရာများတွင် တိုးတက်မှုမြန်ဆန်ပြီး အချို့နေရာများတွင် တိုးတက်မှုနှေးကွေးနေသည်ကို တွေ့မြင်နေရကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ပြည်သူလူထုက နားလည်မှုနည်းနည်းပေးစေချင်တယ်။ ကျွန်မတို့ဆက်ခံရတဲ့အမွေဆိုတာ ဆယ်စုနှစ်ပေါင်းများစွာက အမွေဖြစ်တယ်။ နှစ်ပေါင်း ၅၀ ကျော်ကာလက ကျန်ခဲ့တဲ့အမွေ ဆက်ခံရတဲ့အမွေဖြစ်တယ်။ ဒါတွေကို လေးနှစ်အတွင်း ပြီးအောင်ဖြေရှင်းပါဆိုတာကတော့ မဖြစ်နိုင်ဘူးဆိုတာကတော့ ကျွန်မရိုးရိုးသားသားပဲ ပြောပါရစေ” ဟု ၎င်းကဆိုသည်။

ထို့ပြင် တိုးတက်မှုနှေးကွေးနေသည့် နေရာများအနေနှင့် ချင်းပြည်နယ်ကဲ့သို့ သဘာဝအခြေအနေခက်ခဲသည့် နေရာများတွင် တိုးတက်မှုနှေးနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဥပမာပေးပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့သို့လည်း သွားရောက်ခဲ့ကာ လူထုတွေ့ဆုံပွဲများ ပြုလုပ်ထားသည်။

S-04