News

POST TYPE

NEWS

ထီသိန်းတစ်သောင်းခွဲဆုတွင် အက္ခရာမတူ ဂဏန်းတူပါက ဆုချီးမြှင့်ရန်စီစဉ်
24-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

အမြင့်ဆုံး ထီအထူးဆု ကျပ်သိန်းတစ်သောင်းခွဲ၏ အက္ခရာမတူ ဂဏန်းတူသည့် ထီလက်မှတ်များကို ထည့်သွင်းဆုချီးမြှင့်နိုင်ရေး ဦးစွာသုံးသပ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောသည်။

ယနေ့နံနက် ကျင်းပသည့်အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ လွှတ်တော်ကိုယ်စားလှယ်ဦးကိုကိုနိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် နှစ်စဉ်တစ်လတစ်ကြိမ် ၊ ၁ရက်နေ့တိုင်း ဖွင့်လှစ်ပေးနေသည့် အောင်ဘာလေဆုမဲများကို ထီကံစမ်းထားသည့် အများပြည်သူထီပေါက်ခွင့်(ကံထူးခွင့်)အခွင့်အလမ်းများ ပိုမိုလာစေရန် ယခုလက်ရှိဖွင့်လှစ်ပေးနေသည့်ဆုမဲများမှ ထပ်ဆောင်းဖွင့်လှစ်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်မှုအပေါ် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

“ကျပ်သိန်းတစ်သောင်းခွဲ၊သိန်းတစ်သောင်း၊သိန်းငါးထောင်ထီဆုငွေများမှာ အက္ခရာမတူ ဂဏန်းတူလက်မှတ်များက ထီဆုငွေခံစားခွင့်မရှိတဲ့အတွက် ၎င်းတို့အတွက်စိတ်ဖြေသာစေဖို့ ခံစားခွင့်တစ်ခုခုစီစဉ်ပေးနိုင်မယ်ဆိုရင် သင့်လျော်မှာဖြစ်ကြောင်းကို သုံးသပ်တွေ့ရှိရပါတယ်” ဟု ဒုတိယဝန်ကြီးကဆိုသည်။

အောင်ဘာလေထီဆုခွဲဝေမှုပြင်ဆင်သည့်အချိန်တိုင်း ဝယ်လိုအားမြင့်တက်သည့်အစဉ်အလာရှိသည့်အတွက် လက်ရှိရောင်းချနေသည့်တစ်ထောင်ကျပ်တန်ထီမှာ ယင်းသို့ဆုမဲပြင်ဆင်မှုများပြုလုပ်သည့်အခါတွင်လည်း ဝယ်လိုအားမြင့်တက်လာနိုင်ကြောင်း၊ သို့ရာတွင် မင်္ဂလာစုံတွဲထီစနစ်များ ပြန်လည်အသက်ဝင်လာပြီး ထီလက်မှတ်ဈေးကြီးမြင့်မှုများလည်း ရှိလာနိုင်သည့်အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟု ဒုတိယဝန်ကြီးက ဆက်လက်ပြောဆိုသည်။

“အထူးဆုကြီးများရဲ့ အက္ခရာမတူ ဂဏန်းတူ ထီလက်မှတ်များကိုဆုငွေချီးမြှင့်ပါက ကံထူးသူအရေအတွက်တိုးလာမယ်လို့တော့ ပုံသေကားချက်ယူဆလို့မရပါဘူး” ဟုလည်း ၎င်းကပြောသည်။

အောင်ဘာလေထီကို ၁၉၃၈ခုနှစ်မှ စတင်ကာ ၂ ကျပ်တန်ထီ ၊ ၅ ကျပ်တန်ထီ ၊ ၁၀ ကျပ်တန် ၊ ၅၀ ကျပ်တန် ၊ ၁၀ဝ ကျပ်တန် ၊၂၀ဝ ကျပ်တန် ၊၅၀ဝ ကျပ်တန် ၊၁၀ဝ၀ ကျပ်တန် စသည်ဖြင့် ဆုမဲများကို ခေတ်စနစ်နှင့်လျော်ညီစွာ ဆုမဲတန်ဖိုးတိုးမြှင့်ခြင်းကို ဆောင်ရွက်ခဲ့သည်။ အောင်ဘာလေထီတွင် အက္ခရာ၄၀လုံးထုတ်ဝေနေပြီး အက္ခရာမတူ ဂဏန်းတူ ၃၉ ဆောင်ရှိကာ ထီဆုငွေများချီးမြှင့်သည့်နေရာတွင် ထီရောင်းရငွေ၏ ၆၀ရာခိုင်နှုန်းကိုဆုများချီးမြှင့်ပြီး ကျန်၄၀ရာခိုင်နှုန်းကိုနိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေအဖြစ်သို့ပေးသွင်းကြောင်း လက်ရှိထီဆုမဲများတွင် အမြင့်ဆုံးသိန်းတစ်သောင်းခွဲနှင့် အနိမ့်ဆုံးကျပ်ငါးသောင်း ဆုမဲအမျိုးအစား ၁၅ မျိုး ၊ ဆုမဲအရေအတွက် နှစ်သိန်းကျော်ကို သတ်မှတ်ချီးမြှင့်ပေးလျှက်ရှိသည်။

S-09