News

POST TYPE

NEWS

ရှမ်းနီပါတီနှစ်ခု ပြန်လည်ပေါင်းစည်းရန် မူအားဖြင့် ထပ်မံသဘောတူ
24-Feb-2020
ရှမ်းနီပါတီနှစ်ခု ပြန်လည်ပေါင်းစည်းရန် မူအားဖြင့် ထပ်မံသဘောတူ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃

ရှမ်းနီသွေးစည်းညီညွှတ်ရေးပါတီ နှင့် ရှမ်းနီပါတီနှစ်ခုကို ပြန်လည်ပေါင်းစည်းရန်အတွက် မူအားဖြင့် ထပ်မံသဘောတူညီမှုရရှိခဲ့ကြောင်း ရှမ်းနီပါတီဗဟို ကော်မတီဝင်များထံမှသိရသည်။

ရှမ်းနီလူမျိုးနိုင်ငံရေးသမားများက ၂၀၁၂ ခုနှစ်တွင် တိုင်းလိုင်ရှမ်းနီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအဖြစ် တည်ထောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရှမ်းနီပါတီ နှင့် ရှမ်းနီသွေးစည်းညီညွှတ်ရေးပါတီဟူ၍ နှစ်ခြမ်းကွဲခဲ့သည်။

ယင်းကဲ့သို့ ရှမ်းနီလူမျိုးအချင်းချင်း နှစ်ခြမ်းကွဲနေခြင်းကို ပြန်လည်ပေါင်းစည်းသင့်ကြောင့် ရှမ်းနီဆရာတော်များနှင့် ရပ်မိရပ်ဖများက မိန့်ကြားပြောဆိုသည့်အတွက် ရှမ်းနီပါတီနှစ်ခုအကြိမ်ကြိမ် ဆွေးနွေးနေကြပြီး ကနဦးတွင် ရှမ်းနီသွေးစည်းညီညွှတ်ရေးပါတီကို ဖျက်သိမ်းပြီး ပေါင်းစည်းမည်ဟု မူအားဖြင့် သဘောတူခဲ့သော်လည်း ဖြစ်လာခဲ့ပေ။

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ဖေဖော်ဝါရီ၂၃ ရက်နေ့ပြုလုပ်သော ရှမ်းနီလူမျိုးများ ညှိနှိုင်းအထူးအစည်းအဝေးပြုလုပ်ခဲ့ပြီး နှစ်ပါတီပူးပေါင်းရန် သဘောတူညီမှုထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။

"ထပ်မံဆွေးနွေးရဦးမယ်။အသေးစိတ် သဘောတူညီတဲ့အချက်တွေတော့ မရသေးပါဘူး" ဟု ရှမ်းနီပါတီဗဟိုကော်မတီဝင်တစ်ဦးက ဆိုသည်။

ယင်းအစည်းအဝေးတွင် ရှမ်းနီ (ခေါ်) တိုင်းလိုင်လူမျိုးများကို တိုင်းရင်းသား ၁၃၅ မျိုးတွင် တိုင်းလိုင် သို့မဟုတ် ရှမ်းကလေးဟု သတ်မှတ်ထားသည့်အတွက် မှတ်ပုံတင်လုပ်ရာတွင် ရှမ်းနီဟု ထည့်သွင်းလိုသူများနှင့် တိုင်းလိုင်အဖြစ် ထည့်လိုသူများ သဘောထားကွဲလွဲ ကြကာ အဖြေမထွက်ခဲ့ပေ။

ဘီလူးမြို့တွင် နေထိုင်သော ရှမ်းနီအမျိုးသားတစ်ဦးက "အကြီးကြီးတွေ ပြောနေတာ။ရှမ်းနီတွေ ဘောင်းဘီဝတ်မယ်နဲ့ ပုဆိုးဝတ်မယ်တောင် နှစ်ခြမ်းကွဲသေးတာ။ ပြန်ပေါင်းမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်တယ်" ဟု မှတ်ချက်ပေးသည်။

ယင်းအစည်းအဝေးသို့ တက်ရောက်နေသော ရှမ်းနီသွေးစည်းညီညွတ်ပါတီ ဗဟိုကော်မတီဝင်ထံ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း သဘောထားမှတ်ချက်ရရှိ ခြင်းမရှိပေ။

MHS