News

POST TYPE

NEWS

တပ်မတော်နှင့် KNU ပစ်ခတ်မှုဖြစ်ပွား
23-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ   ၂၃

တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်နက်ကိုင်အဖွဲ့တို့ ဖာပွန်ခရိုင် (မူတရော်) ဒေသတွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တပ်မတော်နှင့် KNU လက်နက်ကိုင်အဖွဲ့တို့ ဖာပွန်ခရိုင် (မူတရော်) ဒွယ်လိုးမြို့နယ် ထို့ကလို့ခီးကျေးရွာနှင့် ဘောကျိုလဲကျေးရွာအကြားတွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ကြောင်း KNU သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

တပ်မတော်၏ ခမရ (၄၀၆) လက်အောက်ခံတပ်ရင်းမှ အင်အား ၃၀ ကျော်ခန့်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နယ်မြေသို့ ဒေသခံတာဝန်ရှိသူများကို အသိပေးအကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်လှုပ်ရှားဆောင်ရွက်ခဲ့သောကြောင့် ယင်းသို့ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်းလည်း KNU က ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာတွင် KNU အဖွဲ့များက ရှောင်ထွက်သွားကာ အခြေအနေကိုစောင့်ကြည့်ခဲ့ကြောင်း၊ ယင်းနောက်တွင် တပ်မတော်မှ ည ၉ နာရီအထိ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားမှုတွင် တပ်မတော်ဘက်မှ ထိခိုက်မှုရှိခဲ့ပြီး KNU ဘက်မှ ထိခိုက်မှုမရှိကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်အနေနှင့် အဆိုပါ လှုပ်ရှားဆောင်ရွက်မှုသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ၏ အခန်း(၃)တွင်ပါဝင်သည့် အပစ်ရပ်နယ်မြေအတွင်း တစ်ဖက်နှင့်တစ်ဖက်အကြား နယ်မြေစိုးမိုးမှု တပ်လှုပ်ရှားခြင်း၊ ကင်းထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း အစရှိသည့်တို့ကို ရပ်ဆိုင်းရန်ဆိုသည့် အချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း KNU က ကန့်ကွက်ထားသည်။

ယခုလ ဖေဖော်ဝါရီလအတွင်း အဆိုပါ ဖာပွန်ခရိုင်အတွင်း တပ်မတော်မှလက်နက်ကြီးပစ်ခတ်မှုများကြောင့် အဆိုပါ ဒေသရှိ ကျေးရွာအချို့မှ ဒေသခံများအနေနှင့် စစ်ဘေးရှောင်နေရပြီး လက်ရှိတွင် စစ်ဘေးရှောင် ၃၀ဝ ကျော်အထိရှိကြောင်း KNU မူတရော်ခရိုင်က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကာ KNU နယ်မြေအတွင်းဖြစ်ပွားနေသည့် ထိတွေ့မှုများနှင့် လမ်းဖောက်လုပ်မှု ဖြစ်စဉ်များနှင့်ပတ်သက်ကာ ဆွေးနွေးမှုများ ပြုလုပ်ထားခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် လတ်တလောတင်းမာမှုများ လျော့ပါးစေရန်နှင့်တည်ငြိမ်သည့် အနေအထားဖြစ်ပေါ်လာစေရန်အတွက် ရှေ့ဆက်နည်းလမ်းရှာသွားမည်ဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်ထိတွေ့မှုများ ရှောင်ရှားနိုင်ရန်နှင့် လျော့နည်းသွားစေရန် ကြိုးပမ်းဆောင်ရွက်သွားမည့် သဘောထားများရရှိခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နှစ် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ယခုနှစ် ၂၀၂၀ နှစ်ဆန်းပိုင်းကစတင်ကာ KNU နယ်မြေအတွင်း တပ်မတော်မှ လမ်းဖောက်လုပ်မှုကိစ္စရပ်များကြောင့် နှစ်ဖက်တင်းမာမှုများနှင့် ထိတွေ့မှုများရှိခဲ့ပြီး နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ပြေလည်သည့် အခြေအနေမရရှိသေးဘဲ နှစ်ဖက်အပြန်အလှန် စွပ်စွဲကန့်ကွက်မှုများရှိနေသည်။

တပ်မတော်ဘက်ကလည်း KNU ဘက်မှ တပ်မတော်စခန်းများကို မိုင်းထောင်ခြင်းများ လာရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ခြင်းအတွက် လက်နက်ကြီးများဖြင့် ပစ်ခတ်တုန့်ပြန်ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

တပ်မတော်အနေနှင့် အဆိုပါလမ်းဖောက်လုပ်မှုသည် ဒေသခံများနှင့် KNU အပါအဝင် အားလုံးအသုံးပြုနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကာ KNU အဖွဲ့အနေနှင့် ယင်းလမ်းဖောက်လုပ်မှုအပေါ် သဘောထားမပြင်းထန်ရန်လိုအပ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြီးခဲ့သောရက်က ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

S-04