News

POST TYPE

NEWS

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပေါ်မှုနှင့် သေဆုံးသူဦးရေ သိသာစွာလျော့ကျ ၊ သို့သော် အခြားနိုင်ငံများတွင် ကူးစက်မှုမြင့်တက်လာ၍ စိုးရိမ်မကင်းဖြစ်
23-Feb-2020


ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၂ 

တရုတ်နိုင်ငံတွင် COVID-19 ဟုခေါ်သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနှင့် ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေတို့ သိသိသာသာလျော့လာသည်ဟု သက်ဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များက သတင်းထုတ်ပြန်သော်လည်း အခြား ကမ္ဘာ့နိုင်ငံအတော်များများကို အဆိုပါ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားလာခြင်းက စိုးရိမ်စရာအခြေအနေတစ်ရပ်ပင်ဖြစ်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူဦးရေမှာ သောကြာနေ့တွင် ၃၉၇ ဦးရှိခဲ့ကြောင်း ၊ ယင်းနေ့မတိုင်ခင် ကြာသပတေးနေ့က ကူးစက်ခံရသူ ၈၈၉ ဦးရှိခဲ့ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က သတင်းထုတ်ပြန်သည်။ 

သို့သော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုမှာ တရုတ်မဟုတ်သောအခြားနိုင်ငံများတွင် မြင့်တက်လာသည်ကို တွေ့ရသည်။ တောင်ကိုရီးယား၊ အီတလီ၊ အီရန်နှင့် လက်ဘနွန်စသည့်နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုမှာ သိသိသာသာ မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတင်းထုတ်ပြန်သည်။ 

နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့နေမှုကြီးကို ထိန်းချုပ်နိုင်မည့် အခွင့်အရေးမှာ တဖြည်းဖြည်းချင်း နည်းပါးလာပြီဖြစ်ကြောင်း WHO က သတိပေးသည်။ 

တောင်ကိုရီးယားနိုင်ငံတွင်  သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ်ထပ်မံ ကူးစက်ခံရသူ ၁၄၂ ဦး တွေ့ရှိခဲ့ရာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူးစက်ခံရသူပေါင်း  ၃၄၆ ဦးထိရှိခဲ့သည်။ 

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့တွင် စတင်ခဲ့ခြင်းကြောင့် ဝူဟန်ဗိုင်းရပ်စ် ဟုခေါ်သော ကိုရိုနာဗိုင်းရပ်စ်သည် လက်ရှိ အနေအထားတွင် နိုင်ငံပေါင်း ၂၆ နိုင်ငံကို ကူးစက်ပျံ့နှံ့ခဲ့သည်။ အဆိုပါ ၂၆ နိုင်ငံတွင် သေဆုံးသူဦးရေမှာ ၁၁ ဦးထိရှိခဲ့သည်။ 

တရုတ်ပြည်တွင်မူ ပြီးခဲ့သည့် သောကြာနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ စုစုပေါင်းမှာ ၂၃၄၅ ဦး ထိရှိသွားပြီဖြစ်သည်။ 

“ကျွန်တော်တို့အနေနဲ့ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကိုထိန်းချုပ်ဖို့  အခွင့်အလမ်း ရှိထားဆဲပဲဖြစ်ပါတယ်။ တကယ်လို့  ဒီအခွင့်အရေးတွေကို လက်လွတ်ခံလိုက်မယ်ဆိုရင် နောင်မှာ ကြီးမားတဲ့ပြဿနာတွေကို ကျွန်တော်တို့ ပိုင်ဆိုင်ကြရမှာပဲ ဖြစ်ပါတယ်”ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြီးအကဲ တီဒရိုဂေဘရီယပ်စ်က ပြောကြားသည်။ 

သိပ္ပံပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုမှာ ပထမပိုင်းက ထင်မှတ်ထားသည်ထက် ပိုမိုလွယ်ကူသည့်  အနေအထားတွင်ရှိကြောင်း သတိပေးခဲ့သည်။ 

တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေခြင်းကြောင့် ခရီးသွားလာမှုများကန့်သတ် ပိတ်ပင်ခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းအတော်များများ ကမောက်ကမ ဖြစ်ခဲ့သည်။          

F-01