News

POST TYPE

NEWS

လုပ်ငန်းမပြီးသဖြင့် အပ်နှံခဲ့ရသည့် ကျပ်ဘီလီယံ ၂၀ ကျော်ကို ပညာရေးဝန်ကြီးဌာန ပြန်တောင်းမည်
21-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

အခြေခံပညာနှင့် အဆင့်မြင့်ပညာကဏ္ဍမှ တည်ဆောက်ရေးလုပ်ငန်း ၁၀ဝ ကျော် မပြီးစီးသေးသည့်အတွက် ပြန်လည်အပ်နှံထားသည့် ကျပ်ဘီလီယံ ၂၀ ကျော်ကို ဖြည့်စွက်ရန်ပုံငွေအဖြစ် ပြန်လည်တောင်းခံမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆင့်မြင့်ပညာဦးစီးဌာနအနေ နှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်း ၃၂၃ ခု(ကျပ်သန်းပေါင်း ၁၅၀ဝကျော်) ရှိခဲ့ပြီး အဆိုပါလုပ်ငန်းများအနက် လုပ်ငန်းမပြီးပြတ်၍ ပြန်လည်အပ်နှံရသည့် လုပ်ငန်း ၁၂ ခု တန်ဖိုးငွေ ၄၉၀ဝ ကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဆိုသည်။

အခြေခံပညာဦးစီးဌာနအနေနှင့်လည်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းလုပ်ငန်းပေါင်း ၅၀ဝ၀ ကျော်အတွက် ခွင့်ပြုရန်ပုံငွေ ၂၂၂ ဘီလီယံ ကျော်ရရှိခဲ့ပြီး ပြန်လည်အပ်နှံခဲ့ရသည့် လုပ်ငန်းပေါင်း ၁၀ဝ ကျော်အတွက် နိုင်ငံတော်သို့ ၁၅ ဘီလီယံကျော်ကို ပြန်လည်အပ်နှံခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

"လိုအပ်သော လုပ်ငန်းများကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ အပြီးသတ်နိုင်ရေးအတွက် ဖြည့်စွက်ရန်ပုံငွေအဖြစ် တင်ပြတောင်းခံမည်ဖြစ်ပါတယ်" ဟု ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ဖေဖော်ဝါရီ ၂၀ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တည်ဆောက်ရေးလုပ်ငန်းများတွင် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိ၍ ပိုလျှံငွေအဖြစ် ပြန်လည်အပ်နှံခဲ့ရသော ဘဏ္ဍာငွေများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြန်လည်ခွင့်ပြုပေးနိုင်ခြင်း ရှိ၊ မရှိ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး ၏ မေးခွန်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများအနက် မူလခွင့်ပြုရန်ပုံငွေတွင် ပါရှိသော ၊ မပါရှိသော လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအပေါ် မူတည်ပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြဆောင်ရွက်ခြင်း၊ မူလခွင့်ပြုရန်ပုံငွေတွင်ပါရှိသည့် ၊ မပါရှိသည့် လုပ်ငန်းများအတွက် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်၏ မူလခွင့်ပြုငွေတွင် ပြန်လည်လျာထားခြင်းများ ဆောင်ရွက်မည်ဟု ဦးဝင်းမော်ထွန်းက ပေါင်းစပ်ဖြေကြားခဲ့သည်။

S-09