News

POST TYPE

NEWS

မန္တလေးအာဇာနည်ဗိမာန်ထိန်းသိမ်းရေး ကော်မတီဖွဲ့ရန်စီစဉ်
21-Feb-2020
မန္တလေးအာဇာနည်ဗိမာန်ထိန်းသိမ်းရေးကော်မတီဖွဲ့စည်းရန် ဦးဆောင်သူများ ညှိနှိုင်းဆွေးနွေးနေစဉ် ။ဓာတ်ပုံ-မောင်ရဲနွေ

မန္တလေး၊ ဖေဖော်ဝါရီ ၂၀

မန္တလေးမြို့တော်၌ ၁၃၀ဝ ပြည့် အရေးတော်ပုံကာလက ကျဆုံးခဲ့သော အာဇာနည် ၁၇ ဦး၏ဗိမာန်ကို ထိန်းသိမ်းရေးအတွက် ကော်မတီဖွဲ့စည်းရန် စီစဉ်နေကြောင်း ဦးဆောင်သူများထံမှ သိရသည်။

ယင်းကော်မတီဖွဲ့စည်းပြီးပါက မန္တလေးတိုင်းအစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း မန္တလေးမြို့ခံစာရေးဆရာမင်းထက်ငြိမ်းချမ်းက ပြောကြားသည်။

အာဇာနည် ၁၇ ဦးဗိမာန်ထိန်းသိမ်းရေးကော်မတီဖွဲ့စည်းနိုင်ရေး အစည်းအဝေးကို  ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက   ယင်းဗိမာန်တွင်ကျင်းပခဲ့ရာ မန္တလေးမြို့မှ လူမှုရေးအဖွဲ့အစည်းများ၊ မန္တလေးမြို့ခံနိုင်ငံရေးတက်ကြွသူများ  တက်ရောက်ခဲ့ကြသည်။

နယ်ချဲ့အင်္ဂလိပ်ကသေနတ်နှင့် ပစ်ခတ်သဖြင့် ၁၃၀ဝ ပြည့်အရေးတော်ပုံတွင် ကျဆုံးခဲ့ရသည့် ရဟန်းရှင်လူ အာဇာနည် ၁၇ ဦးကို နေမျိုးမဟာသီဟသူရဘွဲ့ပေးအပ်ခဲ့ပြီးနောက် စစ်ကိုင်း-မန္တလေးကားလမ်း၊ တမ္ပဝတီရပ် သူကြွယ်ကုန်းတွင် ဗိမာန်ဆောက်လုပ်ပေးခဲ့သည်။

မန္တလေးအာဇာနည် ၁၇ ဦး၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်နေ့ အခမ်းအနားကျင်းပရေးကော်မတီအနေနှင့် ၂၀၁၂ ခုနှစ်ခန့်မှစတင်ကာ နှစ်စဉ်ကျင်းပခဲ့သည်။

အဆိုပါဗိမာန်ကို နိုင်ငံတကာမှ ခေါင်းဆောင်များ၊ သံတမန်များ လာရောက်ဂါရဝပြုစရာနေရာတစ်ခုဖြစ်စေရန်    ဆောင်ရွက်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြီးခဲ့သောရက်ပိုင်းကပင် ပြောကြားထားခဲ့သည်။

S-02