News

POST TYPE

NEWS

မလှိုင်တွင် အမှိုက်ပုံမီးရှို့ရာမှ ကြက်ခြံနှစ်လုံးမီးလောင်
21-Feb-2020
ဓာတ်ပုံ-ကျော်ကျော်

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၂၀

မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ရုံးတောကျေးရွာအုပ်စု ပျူကန်ကျေးရွာရှိ ကြက်ခြံတစ်ခြံတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်က အမှိုက်မီးရှို့ရာမှ ကြက်ခြံအဆောက်အုံနှစ်လုံး ကူးစက်လောင်ကျွမ်းခဲ့ကြောင်း ယင်းမြို့နယ်မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရ သည်။ 

မလှိုင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း  မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြာ သည်။

ပျူကန်ကျေးရွာ အနောက်ကွင်း  ခရိုင်ချင်းဆက်လမ်း မိုင်တိုင်အမှတ် (၃၅၀/၃) ဘေးရှိ အလျား ပေ ၆၀၊ အနံ ပေ ၃၀ ၊ အမြင့်  ၁၅ ပေရှိ ထန်းရွက်မိုးထန်းရွက်ကာ ကြက်မွေးမြူရေးခြံမှစတင်ကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ကြက်အကောင်  ၉၂၀ အနက် အကောင် ၂၀ သေဆုံးသွားခဲ့ကြောင်း၊ ယင်းကြက်ခြံနှင့် ပေ ၅၀ အကွာရှိ အခြားကြက်ခြံအမိုးကိုပါ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ခြံပိုင်ရှင် ဦးစိန်လင်းနောင်သည်  ကြက်ခြံနှင့် သုံးပေအကွာတွင် အမှိုက်မီးရှို့ရာမှတစ်ဆင့် ကြက်ခြံများမီးကူးစက် လောင်ကျွမ်းခြင်းဖြစ်ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ အသက် ၃၀ အရွယ် ဦးစိန်လင်းနောင်ကို မလှိုင်မြို့မရဲစခန်းက (ပ) ၁၂၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ည ၁၀ နာရီခန့်ကလည်း မလှိုင်မြို့နယ်ကို ဖြတ်သန်းသွားသော ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၀၂/ဝ) ရှိ ဈေးဆိုင်တစ်ဆိုင် မီးရှို့ခံခဲ့ရသေးသည်။ 

R-01