News

POST TYPE

NEWS

တိုက်ပွဲအတွင်း ပိတ်မိနေသော ပလက်ဝပြည်သူများအတွက် ဝိုင်းဝန်းကူညီပေးရန် KACC ထုတ်ပြန်
20-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ပိတ်မိနေသာ အရပ်သားများအတွက် လူသားချင်းစာနာထောက်မှု ရပ်တည်ချက်ဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် ခူးမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က ကြေညာချက်ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာအတော်များများသည် တပ်မတော်နှင့် AA အဖွဲ့တို့  ဖြစ်နေသည့်တိုက်ပွဲများကြား ဆက်သွယ်သွားလာရေး ဖြတ်တောက်ခံထားရပြီး စားနပ်ရိက္ခာအပါအဝင် နာမကျန်းဖြစ်နေသူများအတွက် အရေးပေါ်တင်ပို့နိုင်ရေး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးကိစ္စများဖြင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ သွားရောက်ခဲ့သည့် ပလက်ဝမြို့နယ်သား ၂၀ဝ ကျော်သည် ကျောက်တော်မြို့တွင် ပိတ်မိနေသည်မှာ ၁၅ ရက်ကျော် ရှိလာပြီဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"အဓိကအားဖြင့် ကူးလူးဆက်ဆံတာက ရေကြောင်းတစ်ခုပဲ အားကိုးနေရတာ။ကုန်းလမ်းရှိပေမယ့် အသွားအလာမရှိဘူး။ ရေလမ်းပိတ်ထားတာက နှစ်ပတ်လောက်ကြာပြီဆိုတော့ စီးပွားရေး၊ လူမှုရေးနဲ့ တချို့ဝန်ထမ်းတွေက တာဝန်အရ သွားလာတာရှိတယ်။ အဲဒါအပြင် ရခိုင်ပြည်နယ်ကပို့နေတဲ့ ဆန်၊ ဆီ၊ ဆား တွေ၊ စားဝတ်နေရေးတွေ ဒုက္ခရောက်တော့တာပေါ့" ဟု ခူးမီးချင်းမျိုးနွယ်စု များရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ရှင်းပြသည်။

ခူးမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) အနေနှင့် ပလက်ဝမြို့သို့ စားနပ်ရိက္ခာဆန်များ သယ်ပို့ထောက်ပံ့ပေးနိုင်ရေးအတွက် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ကာ အစိုးရတာဝန်ရှိသူများ အဆင့်ဆင့်သို့ တင်ပြညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး တပ်မတော်နှင့် AA အဖွဲ့တို့အနေနှင့် အရပ်သားများအတွက် ရိက္ခာထောက်ပံ့ရေးလုပ်ငန်းများနှင့် ပိတ်မိအရပ်သားများ နေရပ်ပြန်နိုင်ရေး လူသားချင်း စာနာထောက်ထားမှု ရပ်တည်ချက်ဖြင့် ဝိုင်းဝန်းကူညီပေးကြရန် အလေးအနက် မေတ္တာရပ်ခံကြောင်းပါရှိသည်။ 

S-08