News

POST TYPE

NEWS

AA ဖမ်းဆီးခြင်းခံရသည့် ရဲတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ပေးရန် ရဲချုပ်ရုံးသို့တောင်းဆို
20-Feb-2020
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

ရခိုင်လက်နက်ကိုင်တပ် AA ၏ ဖမ်းဆီးခြင်းခံထားရသည့် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ကယ်ဆယ်ပေးရန်၊ မိသားစုဝင်များ လစာခံစားခွင့်ရရှိရေးနှင့် သတင်းထုတ်ပြန်ပေးရန် ဖမ်းဆီးခံထားရသည့်ရဲတပ်ဖွဲ့ဝင်များ မိသားစုဝင်များက ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရဲချုပ်ရုံး၌ တောင်းဆိုခဲ့ကြသည်။

"ရွှေနဒီအမြန်ရေယာဉ်ပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခြင်းခံရတဲ့နေ့ကစပြီး ဒီနေ့အချိန်ထိ မိသားစုဝင်တွေအကျိုးအကြောင်း မသိရဘူး။ ဖမ်းဆီးခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာနဲ့အခြားခံစားခွင့်တွေလည်း မိသားစုဝင်တွေ ခံစားခွင့်မရှိတဲ့အတွက် နေပြည်တော်မှာရှိတဲ့ ရဲချုပ်ရုံးက ရဲချုပ်နဲ့ အခုလိုတွေ့ဆုံဆွေးနွေးရတာပါ" ဟု သွားရောက်တွေ့ဆုံရာတွင်ပါဝင်ခဲ့သည့် မိသားစုများက ပြောကြားသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှ ဘူးသီးတောင်မြို့သို့သွားသော ခရီးသည်တင် အမြန်ရေယာဉ်ပေါ်မှ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို AA အဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးသွားချိန်က အရပ်သား၊ ရဲတပ်ဖွဲ့ဝင်နှင့်တပ်မတော်သား စုစုပေါင်း ၅၀ ကျော်ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး အယောက် ၄၀ နီးပါးကို AA က ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။

ရဲချုပ်ရုံးသို့သွားရောက်တွေ့ဆုံရာ၌ တာဝန်ယူပြောကြားပေးသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအရာရှိတစ်ဦးက "ဌာနဆိုင်ရာအားလုံး အပူတပြင်း အလုပ်လုပ်ပြီး စုံစမ်းညှိနှိုင်းနေတယ်၊ ဖမ်းဆီးခံရတဲ့ရဲဘော်မပြောနဲ့ ပြင်ပမှာပြစ်မှုကျူးလွန်တဲ့ ရဲဘော်တွေကိုတောင် လစာအရင် ဖြတ်တယ်။ ပြစ်မှုအပေါ်စစ်ဆေးပြီး အပြစ်ပေးပြီးတော့ ပြန်လွတ်လာရင် နုတ်ထွက်သည် ဖြစ်စေ၊ အလုပ်ပြန်ဝင်သည် ဖြစ်စေ အဲ့ဒီအခါမှ နစ်နာမှုခံစားခွင့်လစာ ကိုပြန်ပေးတာပါ။ ဒါက နိုင်ငံတော်ရဲ့မူအရ ဆောင်ရွက်ရတာဖြစ်ပါတယ်" ဟု ပြော ကြားခဲ့ကြောင်း ဖမ်းဆီးခံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များထံမှ သိရသည်။ 

ရှိုင်းအောင် (VOM)