News

POST TYPE

NEWS

တက္ကသိုလ်လေးခုနှင့် ချိ်တ်ဆက်သည့် ယာဉ်လိုင်းသစ် ပြေးဆွဲမည်
20-Feb-2020
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉

ဖေဖော်ဝါရီနောက်ဆုံးအပတ်တွင် တက္ကသိုလ် လေးခုနှင့် ချိတ်ဆက်ကာ ၁၀၁ နံပါတ်ဖြင့် ယာဉ်လိုင်းသစ်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မွ တွဲဖက် အတွင်းရေးမှူးဦးလှအောင်က ပြောသည်။

အဆိုပါယာဉ်လိုင်းသစ်ကို ယာဉ်အစီးရေ ၂၇ စီးဖြင့် ရန်ကုန်အနောက်တိုင်း နည်းပညာတက္ကသိုလ်မှ စတင်ကာ မြောက်ဥက္ကလာဆေးတက္ကသိုလ် ၊ ဒဂုံတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့ကိုချိတ်ဆက်၍ ပြေးဆွဲပေးမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ပြေးဆွဲမည့်ယာဉ်လမ်းကြောင်းမှာ နည်းပညာတက္ကသိုလ် လှိုင်သာယာဂိတ်ရင်းမှ စထွက်ပြီး ရန်ကုန်-ပသြိမ်လမ်း-အနော်ရထာလမ်း-ရွှေပြည်သာတံတား-ရွှေပြည်သာတံတားလမ်း-တညင်းကုန်းလမ်းဆုံ-အောင်မင်္ဂလာအဝေးပြေး-၆ကွေ့-သုဓမ္မာလမ်း-ခေမာသီလမ်း-ဆေးတက္ကသိုလ် (၂)-မြောက်ဥက္ကလာလမ်း-စက်မှုလမ်း၊ ဗိုလ်မှူးဗထူးလမ်း-ကျန်စစ်သားလမ်း-မင်းရဲကျော်စွာလမ်း-တော်ဝင်လမ်း-ဒဂုံတက္ကသိုလ်-ဗိုလ်မှူးဗထူးလမ်း-အမှတ်  ၂ လမ်းမကြီး-စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) တို့ကို ပြေးဆွဲမည်ဖြစ်သည်။

တက္ကသိုလ် လေးခုကို ချိတ်ဆက်ပြေးဆွဲမည့် ယာဉ်လိုင်းကို Omni Focus ကုမ္ပဏီလီမိတက်က ပြေးဆွဲပေးခြင်းဖြစ်ပြီး အောင်မင်္ဂလာအဝေးပြေး ၊ ဒဂုံဧရာအဝေးပြေး နှစ်ခုနှင့် လေဆိပ်အားချိတ်ဆက်ကာ ဒုတိယမြောက် Shuttle Bus ယာဉ်လိုင်းကို ပြေးဆွဲရန် စီစဉ်နေကြောင်း ယင်းကုမ္ပဏီမှသိရသည်။

Omni Focus ကုမ္ပဏီသည် YBS 20 ၊ YBS 83 ၊ YBS 98 ၊ YBS 56 ယာဉ်လိုင်းအပါအဝင် ရန်ကုန်ဘူတာကြီးမှ လေဆိပ်သို့ ပြေးဆွဲပေးနေသည့် Shuttle Bus ယာဉ်လိုင်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။

ယခုလက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း ၁၀၀ မှလမ်းကြောင်းပေါင်း ၁၃၅ ခုကို ပြေးဆွဲပေးလျက်ရှိပြီး ယခု လက်ရှိ ရန်ကုန်မြို့တွင် YBS ယာဉ်အစီးရေ ၄၄၀၀ ကျော်ဖြင့် နေ့စဉ် ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကျော်ကို ပြေးဆွဲ ပေးလျက်ရှိကြောင်း (YRTA) ထံမွ သိရသည်။

S-05