News

POST TYPE

NEWS

တက္ကသိုလ်လေးခု နှင့်ချိတ်ဆက်သည့် ယာဉ်လိုင်းသစ်ပြေးဆွဲမည်
20-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ဖေဖော်ဝါရီနောက်ဆုံးအပတ်တွင် တက္ကသိုလ်လေးခုနှင့် ချိတ်ဆက်ကာ ၁၀၁ နံပါတ်ဖြင့် ယာဉ်လိုင်းသစ် ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

အဆိုပါ ယာဉ်လိုင်းသစ်ကို ယာဉ်အစီးရေ ၂၇ စီးဖြင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှ စတင်ကာ မြောက်ဥက္ကလာဆေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့ကို ချိတ်ဆက်၍ ပြေးဆွဲပေးမည်ဖြစ်ကြောင်း  ၎င်းကရှင်းပြသည်။

ပြေးဆွဲမည့် ယာဉ်လမ်းကြောင်းမှာ နည်းပညာတက္ကသိုလ် လှိုင်သာယာဂိတ်ရင်းမှစထွက်ပြီး ရန်ကုန်-ပုသိမ်လမ်း-အနော်ရထာလမ်း-ရွှေပြည်သာတံတား-ရွှေပြည်သာတံတားလမ်း- တညင်းကုန်းလမ်းဆုံ-ခရေပင်လမ်း-အမှတ် (၃)လမ်းဆုံ-အောင်မင်္ဂလာအဝေးပြေး- ၆ ကွေ့-သုဓမ္မာလမ်း-ခေမာသီလမ်း-ဆေးတက္ကသိုလ်(၂)-မြောက်ဥက္ကလာအဝိုင်း-စက်မှုလမ်း၊ ဗိုလ်မှူးဗထူးလမ်း-ကျန်စစ်သားလမ်း-မင်းရဲကျော်စွာလမ်း-တော်ဝင်လမ်း-ဒဂုံတက္ကသိုလ်-ဗိုလ်မှူးဗထူးလမ်း- အမှတ် ၂ လမ်းမကြီး-စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) တို့ကို ပြေးဆွဲမည်ဖြစ်သည်။

တက္ကသိုလ်လေးခုကို ချိတ်ဆက်ပြေးဆွဲမည့် ယာဉ်လိုင်းကို Omni Focus ကုမ္ပဏီလီမိတက်က ပြေးဆွဲပေးခြင်းဖြစ်ပြီး အောင်မင်္ဂလာအဝေးပြေး၊ ဒဂုံဧရာအဝေးပြေးနှစ်ခုနှင့် လေဆိပ်အားချိတ်ဆက်ကာ ဒုတိယမြောက် Shuttle Bus ယာဉ်လိုင်းကို ပြေးဆွဲရန်စီစဉ်နေကြောင်း ယင်းကုမ္ပဏီမှသိရသည်။

Omni Focus ကုမ္ပဏီသည် YBS 20 ၊ YBS 83 ၊ YBS 98 ၊ YBS 56 ယာဉ်လိုင်းအပါအဝင် ရန်ကုန်ဘူတာကြီးမှ လေဆိပ်သို့ပြေးဆွဲပေးနေသည့် Shuttle Bus ယာဉ်လိုင်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ 

ယခုလက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း ၁၀ဝ မှ လမ်းကြောင်းပေါင်း ၁၃၅ ခုကို ပြေးဆွဲပေးလျက်ရှိပြီး ယခုလက်ရှိ ရန်ကုန်မြို့တွင် YBS ယာဉ်အစီးရေ ၄၄၀ဝ ကျော်ဖြင့် နေ့စဉ်ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကျော်ကို ပြေးဆွဲပေးလျက်ရှိကြောင်း (YRTA) ထံမှ သိရသည်။         
S-05