News

POST TYPE

NEWS

သရေခေတ္တရာ ကမ္ဘာ့အမွေအနှစ်ဇုန်ရှိ ရှေးကုန်းဟောင်းတစ်ခု ပြိုကျ
20-Feb-2020


ပြည်၊ ဖေဖော်ဝါရီ ၁၉

ဒေသခံများ မြေယာပြုပြင်ရာမှ သရေခေတ္တရာ ကမ္ဘာ့အမွေအနှစ်ဇုန်အတွင်းရှိ ရှေးဟောင်းကုန်းတစ်ခုပြိုကျကာ ကုန်းဘောင်ခေတ်နှောင်းနှင့် ကိုလိုနီခေတ် အုတ်ရိုးတန်းများ ဖေဖော်ဝါရီလ ၁၈ ရက်က ပျက်စီးခဲ့ကြောင့် ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစုထံမှ သိရသည်။

ဇုန်အတွင်းနေထိုင်သည့် ဒေသခံများက မြို့ဟောင်းမှ တာဝန်ရှိအဖွဲ့အစည်းများကို အသိပေးတင်ပြခြင်း၊ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ မြေထိုးစက်သုံးကာ မြေပြုပြင်ခဲ့ခြင်းကြောင့် ရှေးဟောင်းကုန်း ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

"ဂဠုံကျရဘုရားအနီးက ရှေးဟောင်းကုန်းပါ၊ ဒေသအခေါ် ဂဠုံမြုပ်နေရာက ရှေးဟောင်းကုန်းပေါ့။ ခွင့်မတောင်းဘဲ မြေညှိစက်နဲ့ထိုးတယ်။ ရှေးဟောင်းကုန်းအခြေထိသွားတယ်။ခွင့်လည်းမတောင်း အဆိုလည်းမတင် ခွင့်ပြုချက်လည်း မလျှောက်ထားဘူး။ဒါ့ကြောင့် အခုလိုဆုံးရှုံးမှုတွေဖြစ်သွားတာ။ ဥပဒေကြောင်းအရအရေးယူနိုင်ဖို့ လုပ်နေပါတယ်" ဟု ၎င်းကပြောဆိုသည်။

လတ်တလောတွင် ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ပျက်စီးသွားသည့် ရှေးဟောင်းကုန်းနေရာကို ကွင်းဆင်းအဖွဲ့ကစစ်ဆေးပြီး သက်သေခံပစ္စည်းများနှင့် မှတ်တမ်းများရယူကာ ပျူလုပ်ငန်းကော်မတီထံ တင်ပြသွားမည်ဟု ဦးကျော်မျိုးဝင်းက ဆက်လက်ပြော ဆိုသည်။

ကွင်းဆင်းစစ်ဆေးချက်အရ အဆိုပါ ကုန်းအောက်တွင် ပျူခေတ်အုတ်ရိုးများရှိနိုင်သည်ဟုသိရကြောင်း၊ ရှေးဟောင်း အမွေအနှစ်ဇုန်များအတွင်း  မြေယာပြုပြင်ခြင်း၊ အိမ်ဆောက်ခြင်း၊ စက်ယန္တရား အသုံးပြုခြင်းများအတွက် သက်ဆိုင်ရာ ဇုန်တာဝန်ရှိ အဖွဲ့အစည်းများထံ ခွင့်ပြုချက် လျှောက်ထားရမည်ဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစုထံမှ သိရသည်။

သိင်္ဂီ (VOM)