News

POST TYPE

NEWS

ခန္တီးနှင့် ဟုမ္မလင်းကို နာဂဒေသထဲ ထည့်သွင်းရန် တောင်းဆိုမှုကို ပယ်ဖျက်
19-Feb-2020
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်တို့ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်ရန်တောင်းဆိုခြင်းကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လေရှီးမြို့တွင် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲပြုလုပ်စဉ် ဦးဂီရှီမူးဆိုသူက နာဂဒေဖွံဖြိုးရေးအတွက် အထူးဒေသအဖြစ်သတ်မှတ်ဆောင်ရွက်ပေးရေးနှင့် ခန္တီး၊ဟုမ္မလင်းမြို့နယ်တို့ကို နာဂဒေသထဲသို့ထည့်သွင်းရန် တောင်းဆိုခဲ့သည်။

ထိုကဲ့သို့တောင်းဆိုမှုကို ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွှတ်ရေးပါတီ (S.S.P)၊ရှမ်းနီနွယ်ဖွား လူငယ်များအဖွဲ့ချုပ်၊ မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ (ခန္တီးမြို့)၊ ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ -မုံရွာ)၊ ကချင်တိုင်းရင်းသားများစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ခန္တီး)၊ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ (ခန္တီးမြို့နယ်)၊ လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီတို့က ကန့်ကွက်ကြသည်။

ရှမ်းနီပါတီ ဥက္ကဌ ဦးဌေးအောင်က “ဒီကိစ္စက နာဂနဲ့ ရှမ်းနီလူမျိုးတွေကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးတယ်လို့ ယူဆစရာဖြစ်နေတယ်” ဟု မှတ်ချက်ပေးသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကလည်း ဟုမ္မလင်းမြို့နယ်အတွင်း မြေဧက ၂ သောင်းကျော်ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန် စီစဉ်ခဲ့သဖြင့် ထောင်နဲ့ချီသော လူထုဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းမြေ ၂ သောင်းကို မူလအတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းပြန်ဖြစ်ခဲ့ပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲနီးလာသည့်အချိန် ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်ကို ၂၀၁၅ ခုနှစ်ကအတိုင်း ပြန်လည်လုပ်ဆောင်လာခြင်းသည် ပုံမှန်မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

ခန္တီး၊ဟုမ္မလင်းမြို့နယ်တို့တွင် ရှေးယခင်ကတည်းက ရှမ်းစော်ဘွားအဆက်ဆက်အုပ်ချုပ်ခဲ့သော ရှမ်းတိုင်းရင်းသားအများစုနေထိုင်ရာနယ်မြေဖြစ်ပြီး မြန်မာဘုရင်လက်ထက်ကတည်းကပင် ခန္တီးစော်ဘွား၊ သောင်းသွပ်စော်ဘွားများခန့်အပ်၍ ရှမ်းရိုးရာဓလေ့အတိုင်း အုပ်ချုပ်စီမံခဲ့ရသည့်ဒေသဖြစ်ကြောင်း ရှမ်းနီ (တိုင်းလျန်)သွေးစည်ညီညွှတ်ရေးပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။