News

POST TYPE

NEWS

အမှတ်(၁)သံမဏိစက်ရုံ တစ်ရက်လျှင် ကျပ်သိန်း ၅၀၀၀ နီးပါး အတိုးပေးရဟုဆို
19-Feb-2020
မန္တလေး၊ ဖေဖော်ဝါရီ ၁၉

အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) အနေနှင့် တရုတ်နိုင်ငံ Chaina Development Bank(CTB) ထံ တစ်ရက်လျှင် မြန်မာငွေ ကျပ်သိန်း ၅၀၀၀ နီးပါး နေ့စဉ်အတိုးပေးနေရကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောကြားသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင်မောင်မှ နိုင်ငံတော်သမ္မတထံ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ တွင်ပေးပို့သော အမှတ် ၁ သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းအခြေအနေနှင့်ပတ်သက်သည့်တင်ပြစာကို ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က မန္တလေးတိုင်းလွှတ်တော်တွင် ပြန်လည်ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) အနေဖြင့် တရုတ်နိုင်ငံ Chaina Development Bank CTB ထံမှ ယူရို ၁ ဒသမ ၁၁၇ ဘီလီယံချေးယူခဲ့ရာ ယခုအချိန်တွင် အတိုး(အပေါင်း) အရင်း ၁ ဒသမ ၆၂၅ ဘီလီယံကျော်နေကြောင်း၊ လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံငွေမှာ မြန်မာငွေ ကျပ် ၂၃၆ ဘီလီယံဖြစ်ပြီး စီမံကိန်းအပြီးသတ်ရန် ထပ်မံလိုအပ်ငွေမှာ ကျပ် ၂၂၅ ဘီလီယံဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

တရုတ်နိုင်ငံ CTB သို့ နေ့စဉ် ပေးဆပ်နေရသည့် အတိုး(အပေါင်း)အရင်းမှာ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ယူရို ၃၁၅၂၇၁ ဒသမ ၁၂ ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ယူရို ၃၀၀၆၅၆ ဒသမ ၅၅ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတထံတင်ပြစာအရ သိရသည်။

အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) မှာ ခွင့်ပြုရန်ပုံငွေမရှိဘဲ ကြိုတင်လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းထားခြင်း၊ စီမံကိန်းကာလအတွင်း Semi-Product သာ ထုတ်လုပ်နိုင်ပြီး ဝန်ထမ်းလစာနှင့် စရိတ်၊ အတိုးနှုန်းများကြောင့် အရှုံးများဆက်တိုက်ဖြစ်ပေါ်နေခြင်းတို့အပေါ် လိုအပ်သောစီမံခန့်ခွဲမှု၊ စီမံကိန်းပြန်လည်စိစစ်သုံးသပ်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း မန္တလေးတိုင်း စာရင်းစစ်ချုပ်ဒေါ်ခင်အေးဆွေက ထောက်ပြသည်။

အမှတ် ၁ သံမဏိစက်ရုံ၏ ဆောင်ရွက်ဆဲလုပ်ငန်းများကို ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ၂၀၁၇ ခုနှစ် ဧပြီ ၂၀ ရက်နေ့တွင်ကျင်းပခဲ့သည့် စီးပွားရေးရာကော်မတီ၏ ၇/၂၀၁၇ အစည်းအဝေးဆုံးဖြတ်ချက်အရ ရပ်ဆိုင်းထားကြောင်း၊ ယခုအချိန်၌ သံမဏိစက်ရုံ (မြင်းခြံ) အား လုံးဝရပ်ဆိုင်းလိုက်မည်ဆိုပါက ရင်းနှီးမြှုပ်နှံထားသည့် ယူရို ၁ဒသမ ၁၁၇ သန်း နှင့် မြန်မာငွေကျပ် ၂၃၆ ဘီလီယံရှိသော နိုင်ငံတော်ဘဏ္ဏာငွေများဆုံးရှုံးမည့်အပြင် ချေးငွေဆက်လက်ပေးဆောင်နေရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတထံပေးပို့သောတင်ပြစာတွင် ဖော်ပြထားသည်။

၂၀၀၄-၂၀၀၅ ခုနှစ်တွင် နိုင်ငံတော်ငွေဖြင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) မှ မြင်းခြံသမဏိစက်ရုံစီမံကိန်းကို စတင်ခဲ့ပြီး MEC မှ စက်မှုဝန်ကြီးဌာနသို့ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့တွင် တရားဝင်လွှဲပြောင်းခဲ့ပြီး စက်မှုဝန်ကြီးဌာနမှ နှစ်စဉ်ရံပုံငွေရရှိမှုမှာ ရံပုံငွေတောင်းခံမှု၏ ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသာ ခွဲဝေရရှိကြောင်း အဆိုပါတင်ပြစာအရ သိရသည်။

အာရှတိုက်တွင် ဒုတိယမြောက်ဖြစ်သည့် သံမဏိ (အင်းစိန်) ရွာမစက်ရုံကို မြန်မာနိုင်ငံတွင် ၁၉၅၅ ခုနှစ်ကတည်းက တည်ဆောက်နိုင်ခဲ့သော်လည်း စနစ်တကျလုပ်ဆောင်နိုင်ခဲ့ခြင်းမရှိသဖြင့် ယခုအချိန်တွင် သာမန်အလုပ်ရုံငယ်အဖြစ်သာ တည်ရှိနေသည်။

S-02