News

POST TYPE

NEWS

နည်းပညာနှင့်ပတ်သက်သော ဝေါဟာရများကို မြန်မာမှုပြုရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
19-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

နည်းပညာများနဲ့ပတ်သက်သော ဝေါဟာရများကို ပြည်သူများအဓိပ္ပါယ်နားလည်လွယ်စေရန် အနီးစပ်ဆုံး မြန်မာမှုပြု၍ အသုံးပြုကြရန်ဖြစ်ပြီး အစိုးရအနေဖြင့်လည်း e-Government စနစ်ကိုအကောင်အထည်ဖော်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီ ၁၈ ရက် နေပြည်တော်ရှိ MICCI 2 တွင်ကျင်းပသော စတုတ္ထအကြိမ်မြောက် e-Government ညီလာခံတွင် ပြောကြားခဲ့သည်။

နည်းပညာနဲ့ပတ်သက်သောဝေါဟာရများကို တစ်ကမ္ဘာလုံးတွင် အင်္ဂလိပ်ဘာသာစကားဖြင့် အသုံးပြုနေသော်လည်း မြန်မာနိုင်ငံရှိပြည်သူများကို နည်းပညာနဲ့ပတ်သက်သော အဓိပ္ပါယ်များကိုနားလည်စေရန် တတ်နိုင်သမျှမြန်မာမှုပြု၍ အသုံးပြုရန်လိုပြီး ယင်းကဲ့သို့နားလည်မှသာ ပြည်သူများအနေဖြင့် ပါဝင်နိုင်မှာဖြစ်သည်။ နည်းပညာများကို မြန်မာမှုပြုခြင်းဖြင့် ပြည်သူများနှင့် ရင်းနှီးလာပြီး ယင်းပညာရပ်သည် ကျွမ်းကျင်သူများ၊ ပညာတတ်များအတွက်သာ မဟုတ်ဘဲ ပြည်သူအားလုံးအတွက်ဖြစ်သည်။ ယင်းသို့ပြောင်းရာတွင် တိကျမှန်ကန်သော ဝေါဟာရများဖြစ်စေရန် အသုံးပြုရင်းဖြင့် ပြုပြင်သွားရမည်ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် e-Government စနစ်ကိုအကောင်အထည်ဖော်နေပြီး ယင်းစနစ်တွင် ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် ပွင့်လင်းမြင်သာမှုရှိ၍ လျှင်မြန်စွာဆောင်ရွက်ပေးနိုင်ရေး၊ လူမှုစီးပွားရေး ဘဝများဖွံဖြိုးတိုးတက်လာစေရန်ဖြစ်သည်။ ထို့အပြင်အစိုးရ၏လုပ်ငန်း လုပ်ဆောင်မှုများတွင် လွယ်ကူလျှင်မြန်စေရေး၊ လုပ်ငန်းများ တွင်ကျယ်စေရေး၊ ဆုံးဖြတ်ချက်များမှန်မှန်ကန်ကန်ဖြင့် မြန်မြန်ဆန်ဆန်ချနိုင်ရေး၊ ဝန်ဆောင်မှုပေးရာတွင် တိုးတက်ကောင်းမွန်စေရေးတို့ဖြစ်သည်။

ယင်းစနစ်ကိုအကောင်အထည်ဖော်ခြင်းဖြင့် အစိုးရနှင့်ပြည်သူ၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနအချင်းချင်း၊ အစိုးရနှင့်နိုင်ငံ့ဝန်ထမ်းများကြားတွင် ဝေးကွာမှုများလျော့ကျလာစေပြီး ဌာနဆိုင်ရာများနှင့် ဆက်ဆံရာတွင် လွယ်ကူလျင်မြန်ဆန်မည်ဖြစ်ပြီး အကောင်အထည်ဖော်ရာတွင်လည်း ကူညီပေးမည့် လုပ်ငန်းကော်မတီများဖွဲ့စည်းရာတွင်လည်း ပုဂ္ဂလိကဘက်မှ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် တက္ကသိုလ်များလည်းပါဝင်
ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ထပ်မံပြောကြားခဲ့သည်။

လက်ရှိတွင် e-Government စနစ်အတွက် အဆောက်အဦးများကိုတည်ဆောက်နေပြီး ဝန်ကြီးဌာနအချင်းချင်းချိတ်ဆက်ထားသော ဆက်သွယ်ရေးကွန်များကိုတည်ဆောက်ထားပြီးဖြစ်သည်။ ထို့အပြင် ဥပဒေပိုင်းတွင်လည်း ယင်းစနစ်အတွက် လိုအပ်သော ဥပဒေအချို့ကို ပြဌာန်းထားပြီဖြစ်ပြီး ဆိုက်ဘာပြစ်မှုများဆိုင်ရာဥပဒေ၊ ဒေတာလုံခြုံရေးဆိုင်ရာ ဥပဒေစည့်တို့ကို ပြဌာန်းနိုင်ရန် ရေးဆွဲဆောင်ရွက်နေသည်။

e-Government အကောင်အထည်ဖော်ရာတွင် ဌာနအလိုက်၊ တိုင်းနှင့်ပြည်နယ်အလိုက် ဆောင်ရွက်မှုများရှိပြီး အစိုးရဝန်ထမ်းများ၏ အိုင်စီတီ ကျွမ်းကျင်တတ်မြောက်မှုစွမ်းရည်ကို ဖြည့်ဆည်းပေးရန် ဗဟိုဝန်ထမ်း တက္ကသိုလ်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးရေး ဆပ်ကော်မတီတို့က အခြေခံအိုင်စီတီ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို ပို့ချပေးနေကြောင်း အတိုင်ပင်ခံရုံးထံမှ သိရသည်။


e-Government စနစ်နဲ့ပတ်သက်၍ ရန်ကုန်နိုင်ငံခြားဘာသာစကားတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာကြည်ရွှင်က “ကျွန်တော်တို့ကျောင်းအနေဖြင့် စပြီးအကောင်အထည်ဖော်နေတာ ၂ နှစ်ရှိပါပြီ။ ရလဒ်တွေထွက်လာတဲ့အခြေအနေကိုရောက်နေပါပြီ။ ကောင်းကျိုးအနေနဲ့ကတော့ လုပ်ငန်းတွေမြန်လာတယ်၊ သွက်လက်လာတယ်၊ အားလုံးသိလာတယ်။ ဆိုးကျိုးအနေနဲ့က တက္ကသိုလ်အပေါ်မှတော့မသက်ရောက်ပဲ ဝန်ထမ်းတွေအပေါ်မှာတော့ ဝန်ထမ်းလိုအပ်ချက်တွေတော်တော်လျော့လာတယ်”ဟု ပြောသည်။

ရန်ကုန်နိုင်ငံခြားဘာသာစကားတက္ကသိုလ်၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှစ၍ ကျောင်းဝင်ခွင့်မှတ်ပုံတင်ခြင်း၊ ကျောင်းလခသွင်းခြင်းကိစ္စများကို အွန်လိုင်းကနေတဆင့်ပြုလုပ်နိုင်ခဲ့ပြီး မကြာခင်ကာလအတွင်း စီမံခန့်ခွဲမှုလုပ်ငန်းများကို အွန်လိုင်းကနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။


မြန်မာနိုင်ငံ၏ e-Government ညွှန်းကိန်းသည် ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် အဆင့် ၁၆၉ ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အဆင့် ၁၅၇ အထိ တိုးလာခဲ့သည်။ သို့သော် အာဆီယံနိုင်ငံများထဲတွင် ပျှမ်းမျှအခြေအနေ၏ အောက်တွင်ရှိနေကြောင်း အတိုင်ပင်ခံရုံးထံမှသိရသည်။

J-02