News

POST TYPE

NEWS

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး လမ်းပွင့်သွားပြီဟုဆို
19-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံမတိုင်မီ ကျင်းပရမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်များအကြား လမ်းကြောင်းပွင့်သွားပြီဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီလ ၁၇ ရက် နေ့မှ ၁၈ ရက်နေ့အထိ ရန်ကုန်မြို့ရှိ NRPC ရုံးတွင် ပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးတွင် ပြီးခဲ့သည့် ၈ ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အချိန်ဇယားနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပရေး ဆိုင်ရာအစီအစဉ်များကို အစည်းအဝေးတစ်ခုချင်းအလိုက် အသေးစိတ်ညှိနှိုင်းနိုင်ခဲ့ကြောင်း အစည်းအဝေးတွင် ပါဝင်သည့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၏ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးအတွက် UPDJC အတွင်း ရေးမှူးများအစည်းအဝေး၊ UPDJC အစည်းအဝေး၊ လုပ်ငန်းကော်မတီအစည်းအဝေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ အပစ်ရပ်စောင့်ကြည့်ရေးဆိုင်ရာ JMC အစည်းအဝေး၊ JICM အစည်းအဝေးများ စဉ်ဆက်မပြတ်ကျင်းပနိုင်ရေးကို လက်ရှိ အစည်းအဝေးတွင် သဘောတူနိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောဆိုသည်။

“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် Public Consultation ကျင်းပ နိုင်ရေးအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးနိုင်ခဲ့ပြီး မကြာမီကျင်းပမယ့် ့UPDJC အစည်း အဝေးမှာ အတည်ပြုပေးဖို့ ဖြစ်ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေး လမ်းပွင့်သွားပြီလို့ ဆိုနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ကိုယ်တိုင်တက်ရောက်ခဲ့သည့် ယင်း ၈ ကြိမ်မြောက် JICM အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကိုလာမည့် ဧပြီလမတိုင်မီ ကျင်းပရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်နှင့်ပတ်သက်သည့် လုပ်ဆောင်ရမည့် အချက်များကို ချမှတ်ပေးခဲ့သည်။

လက်ရှိတွင် NCA ထိုးလက်နက်ကိုင်အဖွဲ့များအနေနှင့် ရှမ်း၊ ရခိုင် စသည့် ဒေသများတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်ရရှိရေးအတွက် တောင်းဆိုထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU၊ KNLA-PC) ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ချင်း အမျိုးသားတပ်ဦး (CNF) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မွန်ပြည်သစ်ပါတီ (NMSP) လားဟူဒီမို ကရက်တစ်အစည်းအရုံး (LDU) စသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ လက်မှတ်ရေးထိုးထားသည်။

S-04