News

POST TYPE

NEWS

ဆရာ၊ ဆရာမအချိုး ၁ အချိုး ၂ ထိ ရှိလာစေရန် ပညာရေးဝန်ကြီးဌာနဆောင်ရွက်
19-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ပညာရေးဝန်ကြီးဌာနအနေနှင့် အခြေခံပညာကဏ္ဍတွင် ဆရာနှင့် ဆရာမအချိုးကျခန့်ထားနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေကြောင်း ဖေဖော်ဝါရီ ၁၈ ရက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၈ ရက်မြောက်နေ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားခဲ့သည်။

ယင်းအစည်းအဝေးတွင် ပဲခူးတိုင်း မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါက်တာ ဝင်းမြင့်က မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန အခြေခံပညာနှင့် အထက်တန်း ပညာသင်ကြားရေးတို့တွင် ကျောင်းဆရာနှင့် ဆရာမအချိုး လွန်စွာကွာဟနေခြင်း မည်သို့စီစဉ်ဆောင်ရွက်နေသည်ကို ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီး ဌာနအနေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပညာရေးကောလိပ်များတွင် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း (D.T.Ed) နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း (PPTT) တို့ကို နှစ်စဉ် ဖွင့်လှစ်ပြီး ဆရာ၊ ဆရာမများကို မွေးထုတ်ပေးလျက်ရှိသည်။

ထို့အပြင် ပညာရေးကောလိပ်များရှိ D.T.Ed နှင့် PPTT သင်တန်းများ တက်ရောက်ခွင့်ရှိမည့် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ရာတွင် ဆရာဦးရေကို တိုးမြှင့်ရွေးချယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းသို့ရွေးချယ်ရာတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ စာရင်းအရ ခန့် ထားပြီးဖြစ်သော အထက်တန်းကျောင်း အုပ်အရေအတွက်တွင် ဆရာ ၈၇၈ ဦး၊ ဆရာမ ၁၇၇၁၊ အလယ်တန်းကျောင်းအုပ် အရေအတွက်တွင် ဆရာ ၁၂၂၁ ဦး၊ ဆရာမ ၃၆၇၃ ဦး ကျောင်းအုပ်ဆရာ အရေအတွက် စုစုပေါင်းအနေနှင့် ဆရာ ၂၀၉၉ ဦး၊ ဆရာမ ၅၄၄၄ ဦးတို့ဖြစ်ပြီး ကျောင်းအုပ်ဆရာနှင့် ဆရာမ အချိုးတွင် ၁ အချိုး ၃ ရှိပြီး ရာခိုင်နှုန်းအရ ၂၅၊ ၇၅ ရာခိုင်နှုန်းရှိသည်။

ထို့အပြင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း သင်ကြားရေး ဆရာ၊ ဆရာမဦးရေတွင် စုစုပေါင်းဆရာ ဦးရေမှာ ၆ သောင်းခန့်ဖြစ်ပြီး ဆရာမဦးရေမှာ ၃ သိန်းကျော်ရှိပြီး ဆရာ၊ ဆရာမအချိုးမှာ ၁ အချိုး ၅ ဖြစ်၍ ရာခိုင်နှုန်းအရ ၁၇၊ ၈၃ ရာခိုင်နှုန်းသာရှိကြောင်း ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြားခဲ့သည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်များမှ B.Ed သင်တန်းဆင်း၊ PGDM သင်တန်းဆင်း၊ ပညာရေးကောလိပ်များမှ D.T.Ed  သင်တန်းဆင်းနှင့် PPTT သင်တန်းဆင်းများမှ ဆရာဦးရေ ၄၁၈၉နှင့် ဆရာမဦးရေ ၉၇၅၃ တို့ကို အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၏ လစ်လပ်နေသောနေရာများတွင် ဖြည့်ဆည်းခန့်ထားပေးပြီး ဆရာ၊ ဆရာမ အချိုး ၁ အချိုး ၂ အထိရှိလာရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြေကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနအနေနှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ လုပ်ငန်း ခွင်အကြို ဆရာအတတ်ပညာဒီပလိုမာသင်တန်း (D.T.Ed) ခေါ်ယူရာတွင် ဆရာ ဦးရေ ၂၈၀၄၊ ဆရာမဦးရေ ၄၂၂၀ ဖြစ်ပြီး ဆရာ၊ ဆရာမအချိုး ၁ အချိုး ၂ အထိ ရှိလာသည်။ 

အလားတူ လုပ်ငန်းခွင်အကြို မူလ တန်းဆရာအတတ်ပညာသင်တန်း (PPTT) ခေါ်ယူရာတွင်လည်း ဆရာ ဦးရေ ၁၆၄၆၊ ဆရာမဦးရေ ၅၃၇၂ဖြစ်ပြီး အချိုးအနေနှင့် ၁ အချိုး ၃ ဖြစ်သည်။

ထို့အပြင် ၂၀၁၈-၂၀၁၉ ပညာသင် နှစ်၌ လုပ်ငန်းခွင်အကြို ဆရာအတတ် ပညာဒီပလိုမာ သင်တန်း (D.T.Ed) ခေါ်ယူရာတွင် ဆရာဦးရေ ၂၉၀၀၊ ဆရာမ ဦးရေ ၄၉၄၁ ဖြစ်ပြီး ဆရာ၊ ဆရာမ အချိုး မှာ ၁ အချိုး ၂ အထိရှိလာပြီး လုပ်ငန်းခွင် အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း (PPTT) ခေါ်ယူရာတွင်လည်း ဆရာ၊ ဆရာမ အချိုးမှာ ၁ အချိုး ၂ ဖြစ်ပြီး ဆရာဦးရေ ၂၇၇၄၊ ဆရာမဦးရေ ၇၁၉၈ အထိခန့်အပ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

J-02