News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာပြင်းထန်မှုမရှိဘဲ ၅ ရာခိုင်နှုန်းမျှသာ သေဆုံးသည်အထိ ဆိုးရွားဟု WHO ပြော
19-Feb-2020


ဂျနီဗာ၊ ဖေဖော်ဝါရီ ၁၈ 

လက်ရှိတရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသောလူနာများ၏ ၈၀ ရာခိုင်နှုန်းသည် မပြင်းထန်သောရောဂါလက္ခဏာများသာ ဖြစ်ပေါ်ခံစားရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတင်းထုတ်ပြန်သည်။ 

WHO ၏ ထုတ်ပြန်ချက်အရ COVID-19 ဟုခေါ်သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်တွင် သေဆုံးသူ ၁၈၀ဝ ကျော်သို့ ရောက်ရှိသွားပြီဖြစ်သည်။ကူးစက်ဖြစ်ပေါ်ခံရသူ ၇၀၅၀ဝ ကျော်ခန့်ဖြစ်သည်။ 

WHO အကြီးအကဲဖြစ်သူတီဒရိုဂေဘရီးယပ်စ်၏ အဆိုအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူလူနာ ၁၄ ရာခိုင်နှုန်းမှာ နမိုးနီးယားကဲ့သို့ ပြင်းထန်သည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်ခံစားရကြောင်း ပြောကြားသည်။ 

“ရောဂါကူးစက်ခံရတဲ့ လူနာ ၅ ရာခိုင်နှုန်းလောက်ကတော့ ကိုယ်တွင်းအင်္ဂါတွေပျက်စီးတာမျိုး၊ သတိလစ်တာတို့၊  အသက်ရှူလမ်းကြောင်းပိုင်း ပျက်စီးတာတို့၊ သေဆုံးတာတို့အထိ ဖြစ်ကြပါတယ်”  ဟု တီဒရိုဂေဘရီးယပ်စ်က ဆက်လက် ပြောကြားသည်။ 

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ဖြစ်ပေါ်မှုများကို အဆမတန်စိုးရိမ်ထိတ်လန့်ကာ ဆိုးရွားလွန်းသည့် ကန့်သတ်ပိတ်ပင်မှုများ မပြုလုပ်ကြရန်လည်း ၎င်းကသတိပေးပြောကြားသည်။တရုတ်နိုင်ငံ ပြင်ပတွင်ဖြစ်ပေါ်နေသော ကူးစက်ပြန့်ပွားမှုမှာ အလွန်သေးငယ်သော လူဦးရေလောက်ကိုသာ သက်ရောက်မှုရှိကြောင်း ၎င်းကဆိုသည်။ 

WHO မှ တာဝန်ရှိသူများက ကူးစက်ဖြစ်ပွားမှုသစ်များ ပေါ်ပေါက်လာမည်ကို စိုးသောကြောင့် လေကြောင်း၊ ရေကြောင်း ခရီးစဉ်များအားလုံး ရပ်ဆိုင်းထားသင့်သည်ဆိုသော အယူအဆကို လက်မခံကြပေ။ဂျပန်နိုင်ငံ ယိုကိုဟာမား ဆိပ်ကမ်းတွင် သီးခြားခွဲထားခံရကာ သောင်တင်နေသောDiamond Princess ဇိမ်ခံသင်္ဘောလို ဖြစ်ရပ်မျိုးကို သတိထားသင့်သည်ဟုလည်း သတိပေးကြသည်။ 

“စီမံချက်တွေကို ရေးဆွဲတဲ့အခါမှာ အခြေအနေအရပ်ရပ်နဲ့ အချိုးတကျဖြစ်အောင် သတိထားသင့်ပါတယ်။ ဝါးလုံးရှည်နဲ့ သိမ်းကျုံးရိုက်တာမျိုးက အထောက်အပံ့ဖြစ်စေမှာ မဟုတ်ပါဘူး” ဟု WHO အကြီးအကဲက ဖြည့်စွက်ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် နိုင်ငံအတော်များများက ခရီးသွားလာမှုကန့်သတ်ခြင်း၊ လေကြောင်းနှင့် ရေကြောင်းခရီးစဉ်များကို ကန့်သတ်ခြင်းတို့  ပြုလုပ်ခဲ့ကြရာ အာရှဒေသတစ်လွှား ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကြီးတစ်ခုလုံးကို ဂယက်ရိုက်ခတ်ခဲ့သည်။ 

WHO ၏ အရေးပေါ်ကျန်းမာရေးအစီအစဉ်မှ မစ်ရှဲလ်ရိုင်ယန်က “အကယ်၍ ကျွန်တော်တို့အနေနဲ့ ရောဂါကူးစက်ဖြစ်ပွားသူနဲ့ ထိတွေ့ခဲ့တဲ့သူတွေ ပါလာနိုင်တယ်ဆိုတဲ့ အယူအဆနဲ့ သင်္ဘောတိုင်းကို ဆိပ်ကမ်းကပ်ခွင့်မပေးတာတို့၊ ကန့်သတ်တာတို့  လိုက်လုပ်နေမယ်ဆိုရင် ဘယ်တော့မှ ဇာတ်လမ်းပြီးဆုံးမှာ မဟုတ်ပါဘူး”ဟု ပြောကြားသည်။ 

၎င်း၏အဆိုအရ ဝူဟန်မြို့ကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် စတင်ရာဗဟိုချက်တွင်ပင် ကူးစက်ပျံ့နှံ့သည့် မြန်နှုန်း၊ တစ်နည်းအားဖြင့် တိုက်ခိုက်သည့်နှုန်းထားမှာ လူတစ်သိန်းလျှင် လေးဦးသာ ကူးစက်ခံရခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

“ဒါဟာ အင်မတန်အရေးကြီးတဲ့ ကူးစက်မှုပါ၊ ပိုမိုကြီးထွားလာမယ့် အလားအလာလည်း ရှိနေပါတယ်။ ဒါပေမဲ့ ကူးစက်ခံရတဲ့သူဦးရေ ဆိုတာနဲ့ ကျွန်တော်တို့ ပြန်လည်ချိန်ညှိကြည့်ဖို့ လိုမယ်ထင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

F-01