News

POST TYPE

NEWS

လေးမျက်နှာမြို့နယ် သစ်တောဦးစီးဌာနကို အရေးယူပေးရန် သမ္မတနှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြား
19-Feb-2020


ပုသိမ်၊ ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုလေးစုမှ တောင်သူများစိုက်ထားသော သီးနှံမျိုးစုံ ဧက ၁၂၀ဝ  ကျော်ကို ဖျက်ဆီးခဲ့သည့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများကိုအရေးယူပေးရန် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တိုင်ကြားထားကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။

ကွင်းကြီး၊ ကညင်တိုင်း၊ ဝတ်ကုန်း၊ ဝါးတောစသည့် ကျေးရွာအုပ်စုအတွင်းမှ တောင်သူ ၁၀ဝ နီးပါး၏ မြေပဲ၊ ပဲအမျိုးမျိုး၊ ဖရဲ၊ ငရုတ်နှင့် နှစ်ရှည်စားပင်များပါဝင်သည့် မြေယာများကို ကျွန်းစိုက်ခင်းပြုလုပ်မည်ဟုဆိုကာ ယခုနှစ် ဇန်နဝါရီလဆန်းကစ၍  အဓမ္မဖျက်ဆီးနေကြောင်း၊ ခရိုင်နှင့် တိုင်းအဆင့် တာဝန်ရှိသူများထံ တင်ပြသော်လည်း ဆောင်ရွက်ပေးခြင်းမရှိသဖြင့်  နိုင်ငံတော်အဆင့်သို့ တင်ပြရခြင်းဖြစ်ကြောင်း စိုက်ပျိုးသီးနှံများဖျက်ဆီးခံရသည့် တောင်သူများက ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ တောသူတောင်သားတွေအနေနဲ့ ဒီယာတောကို မှီခိုနေရတာပါ။ နှစ် ၂၀ ကျော် ၂၅ နှစ်အကြားရှိနေပါပြီ။  စိုက်ပျိုးထားတာတွေ ဖျက်ဆီးခံရတာ အများကြီးနစ်နာရပါတယ်၊ မိသားစုအများကြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ရတော့မယ့်  အခြေအနေပါ။ အခုလည်း တွေ့ကြုံနေရပါပြီ။ဒါကို နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ မေတ္တာရှေ့ထား ကာကွယ်ပေးစေလိုပါတယ်”ဟု ပဲစိုက်တောင်သူ ဦးသိန်းအောင်က ပြောကြားသည်။

ယင်းမြေယာများပေါ်တွင် ဒေသခံများ စိုက်ပျိုးလုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ သစ်တောကြိုးဝိုင်းအတွင်း မည်သည့်အပင်မျှ စိုက်ထားခြင်းမရှိခဲ့သည့်နေရာမှ ချုံများကို ခုတ်ထွင်းရှင်းလင်းကာ စိုက်ပျိုး လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများ၏အဆိုအရ သိရသည်။

ယင်းမြေယာများမှာ သစ်တောကြိုးဝိုင်းအတွင်းရှိနေပြီး စိုက်ခင်းများမှာလည်း ကျူးကျော်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊  သစ်တောဦးစီးဌာနက ကျွန်းစိုက်ခင်းစီမံကိန်းဆောင်ရွက်မည်ဖြစ်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လေးမျက်နှာမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်သူများစိုက်ပျိုးခဲ့သည်မှာ နှစ် ၂၀ ကျော်ရှိနေခြင်း၊ လက်ရှိမြေပေါ်တွင် တောင်သူများစိုက်ပျိုးထားသည့် နွေစပါးနှင့် ဆောင်းသီးနှံများ၊ နှစ်ရှည် စိုက်ပျိုးပင်များရှိနေခြင်း၊ နိုင်ငံခြားဝင်ငွေရ ပဲအမျိုးမျိုး စိုက်ပျိုးအောင်မြင်သော  မြေယာများဖြစ်ခြင်းတို့ကြောင့် ယခုမှ စစိုက်ပြီး နောင်နှစ် ၃၀ ကျော်မှသာ အကျိုးဖြစ်မည့် ကျွန်းစိုက်ခင်းစီမံချက်ကို တာဝန်ရှိသူများအနေနှင့် ပြန်လည်သုံးသပ်သင့်ကြောင်း လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူများအဖွဲ့မှ ဒါရိုက်တာ ဦးထွန်းထွန်းဦးက အကြံပြုသည်။

R-04