News

POST TYPE

NEWS

ကျပ်၂၃ ဘီလီယံကျော်တန်မြေကို မြေငှားဂရန်ထုတ်ပေးမှု မန္တလေးမြို့တော်ဝန် ပြန်လည်ချေပ
19-Feb-2020
မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကိုလာရောက်ဝန်းရံသော မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်များကိုတွေ့ရစဉ် ။ ဓာတ်ပုံ-မောင်ရဲနွေ

မန္တလေး၊ ဖေဖော်ဝါရီ ၁၈

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကျပ်၂၃ ဘီလီယံကျော် တန်သည့်မြေ ၉ ဒသမ ၆၅ ဧကကို အောင် မြင်သူဆောက်လုပ်ရေးကုမ္ပဏီအား လုပ်ထုံးလုပ်နည်းနှင့်အညီ မြေငှားဂရန်ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု မန္တလေးမြို့ တော်ဝန်ဒေါက်တာရဲလွင်က ဖေဖော်ဝါရီ လ ၁၈ ရက်နေ့တွင်ပြုလုပ်သော မန္တလေးတိုင်းလွှတ်တော်တွင် ပြန်လည်ချေပခဲ့သည်။ 

ယင်းမြေငှားဂရန်ကို ၂၀၁၆ ခုနှစ် မတ်လ ၁၇ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၁၆) ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆင့်မြင့်အိမ်ရာနှင့် တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာစီမံကိန်းအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နှင့် အောင်မြင်သူဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ် မြေအမည်ပေါက်ရရှိရေးအတွက် မြေယာလုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် အောင်မြင်သူကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းကာ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတည်ဆောက်ရေး သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ချုပ်ဆိုခဲ့ကြောင်း ဒေါက်တာရဲလွင်က ပြောဆိုသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကျပ် ၂၃ ဘီလီယံကျော်တန်မြေကို အောင်မြင်သူကုမ္ပဏီထံ မြေငှားဂရန် ထုတ်ပေးထားခြင်းမှာ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိကြောင်း မန္တလေးတိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်အေးဆွေက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ်မြောက် မန္တလေးတိုင်းလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ထောက်ပြပြောဆိုခဲ့ခြင်းနှင့်ပတ်သက်၍ မန္တလေးမြို့တော်ဝန်က လာရောက်ချေပခဲ့ခြင်းလည်းဖြစ်သည်။

အောင်မြင်သူကုမ္ပဏီထံထုတ်ပေးထားသည့် မြေငှားဂရန်မှာ နှစ် (၃၀)ဖြစ်ပြီး စာချုပ်သက်တမ်းပြည့်ပါကသက်တမ်းတိုးရန်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။  

S-02