News

POST TYPE

NEWS

နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချောစက်ရုံ တည်ဆောက်မည်
18-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချောစက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်းထံမှ သိရသည်။

အဆိုပါရော်ဘာကုန်ချော Technical Specified Rubber (TSR) ကို စတင်ထုတ်လုပ်မည်ဖြစ်ပြီး Ribbed Smoked Sheet (RSS)ကိုလည်း ထုတ်လုပ်သွားမည်ဖြစ်ကာ မြန်မာ့ရော်ဘာစိုက်ပျိုးသူ ၈၅ ရာခိုင်နှုန်းနှင့် လူဦးရေ ၁၀ဝ၀ ခန့်အတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေမည့် စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်း (MRPPA) မှ တာဝန်ရှိသူများနှင့် Southland Myanmar Rubber Co., Ltd. တာဝန်ရှိသူများကို နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချောစက်ရုံ တည်ဆောက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချောစက်ရုံကို သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး စီမံဆောင်ရွက်မည့် အစီအမံများနှင့် ထုတ်လုပ်မည့် အစီအစဉ်များ၊ ရရှိမည့် အလုပ်အကိုင်အခွင့်အလမ်းများ ၊ဈေးကွက်အခြေအနေများကို ကုမ္ပဏီမှတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနှင့် စက်ရုံအကြားဈေးကွက် အာမခံရရှိရေးအတွက် စီမံဆောင်ရွက်သင့်သည်များ၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြန်မာ့ရော်ဘာ အဆင့်အတန်းပြည့်မီစွာဖြင့် ပြည်ပဈေးကွက်တွင် ဈေးကောင်းရရှိရေး ပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းများ ဆွေးနွေးခဲ့ကြကြောင်း ယင်းအသင်းထံမှ သိရသည်။

S-07