News

POST TYPE

NEWS

တပ်မတော်အနေနှင့် ပြည်သူနှင့်တစ်သားတည်းဖြစ်ရမည်ဟု တပ်ချုပ်ပြော
18-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

တပ်မတော်အနေနှင့် တိုင်းပြည်နှင့် ပြည်သူက အားထားရသောတပ်ဖြစ်ရန်နှင့် ပြည်သူနှင့် တစ်သားတည်းဖြစ်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တပ်မတော်၌ တပ်ရင်းသည် အခြေခံအကျဆုံး အဖွဲ့အစည်းဖြစ်သည့်အတွက် တိုင်းပြည်က အားထားရသော၊ ပြည်သူကအားကိုးရသော တပ်ဖြစ်ရန်နှင့် ပြည်သူနှင့်တစ် သားတည်းဖြစ်ရမည်ဖြစ်ကြောင်း၊ သင်တန်းက သင်ကြားပေးလိုက်သည်များကို လက်တွေ့နယ်ပယ်တွင် စနစ်တကျအောင်မြင်အောင် အသုံးချခြင်းဖြင့် တပ်မှူးကောင်းများဖြစ်ရန် ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ စစ်ဦးစီးတက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများမြင့်မား၍ သမားရိုးကျစစ်ဆင်ရေးအတွက် အမြဲအသင့်ရှိနေရေး ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်၏တိုက်စွမ်းရည် မြင့်မားလာစေရေး ယခုသင်တန်းကသင်ကြားပို့ချပေးလိုက်သည်များကို လက်တွေ့အသုံးချဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်၌ တပ်ရင်းသည် အခြေခံအကျဆုံးအဖွဲ့အစည်းဖြစ်သောကြောင့် တပ်ရင်းများကောင်းရန်လိုပြီး ထိုသို့ကောင်းမွန်ရေး တပ်မှူးကအဓိကကျကြောင်း၊ တပ်မှူးကလည်း မိမိလက်အောက်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် တစ်သားတည်း ဖြစ်နေရမည်ဖြစ်ပြီး အပြန်အလှန်သံယောဇဉ်ရှိနေရမည်ဖြစ်ကြောင်း၊ ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်အနေနှင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း ထည့်သွင်းပြောကြားသွားခဲ့ပြီး ဖက်ဒရယ်ဆိုသည်မှာ ပေါင်းစည်းနေထိုင်ခြင်းနှင့် ဒီမိုကရေစီဆိုသည်မှာ စည်းကမ်းစနစ်တကျ လုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

S-04