News

POST TYPE

NEWS

ပေါက်မြို့ရှိ ရေနံမှော်တွင် ရေနံတွင်းသုံးတွင်း မီးလောင်
18-Feb-2020


ချောက်၊ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်း ပေါက်မြို့နယ် လက်ပံတို ကျေးရွာနှင့် နှစ်မိုင်ခန့်အကွာရှိ ငရဲအိုး ဂျောက်ယာကွင်းရှိ ရေနံမှော်တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရေနံတွင်းသုံးတွင်း မီးလောင်ခဲ့သည်ဟု ယင်းမှော်ရှိ ဒေသခံများထံမှ သိရသည်။

“ရေနံတွင်းတစ်တွင်း မီးစလောင်ပြီး အနီးမှာရှိတဲ့ လှောင်ထားတဲ့ကန်ကို မီးကူးတယ်။ အဲဒီကလှောင်ထားတဲ့ ဆီကန်ကနေ စီးကျပြီးတော့ ဘေးက နှစ်တွင်းပါ မီးထပ်လောင်သွားတယ်။ အားလုံး ရေနံတွင်းသုံးတွင်း မီးလောင်သွားတယ်။ လျှံတွင်းမဟုတ်ဘူး။ ရိုးရိုးခပ် နေတဲ့တွင်း” ဟု ယင်းရေနံမှော် ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုရေနံမှော်ရှိလူများက ရေနံတွင်းများ မီးလောင်ကျွမ်းခြင်းကို ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် နာရီဝက်ခန့်အကြာတွင် မီးထိန်းနိုင်ခဲ့ပြီး မီးငြိမ်းသွားသည်အထိ ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“စဖြစ်တာက ဘွိုင်လာလေ၊ ဆီနဲ့ ရေခွဲတာ။ ဘွိုင်လာအိုးကနေ အပူလွန်ကဲ တာပေါ့ဗျာ။ ဘွိုင်လာအိုးကို မီးထိုးရတာ ရှိတယ်။ အဲဒီဘွိုင်လာအိုးကနေ အပူလွန်ကဲပြီးလောင်တာပေါ့” ဟု ပေါက်မြို့ လက်ပံတိုနယ်မြေ ယာယီစခန်းမှူး ဒုရဲအုပ်သိန်းဇော်ထွန်းက ပြောကြားသည်။

မီးစတင်လောင်ကျွမ်းသော ရေနံကျင်းပိုင်ရှင်မှာ မင်းလှမြို့နယ်မှ ဦးသန်းဆိုသူဖြစ်ပြီး ၎င်းကိုအမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သော ဇန်နဝါရီလအတွင်းကလည်း ပေါက်မြို့နယ်အတွင်းရှိ ရေနံမှော်တစ်ခုဖြစ်သော သရက်ကန်မှော်တွင် ရေနံတွင်းမီးလောင်မှု လေးကြိမ်ရှိခဲ့ပြီး ယခုဖေဖော်ဝါရီလ ၁ ရက်ကလည်း ရေနံတွင်းတစ်တွင်း မီးလောင်ခဲ့ရာ လူ ၁၀ ဦး ခန့် မီးလောင်ခံရပြီး ၎င်းတို့အနက်မှ သေဆုံးသူများလည်း ရှိခဲ့သည်။ 

R-11