News

POST TYPE

NEWS

မိုက်ကယ်ဘလွန်းဘာ့ဂ်သည် သမ္မတလောင်းနေရာကို ဝယ်ယူနေခြင်းဖြစ်သည်ဟု ဘာနီဆန်းဒါး စွပ်စွဲ
18-Feb-2020
ရွေးကောက်ပွဲကို ငွေနှင့်ဝယ်သည့် သူဌေးကြီးများကို အမေရိကန်များက စိတ်ကုန်နေပြီဟု ဘာနီဆန်ဒါးစ်က ဆိုသည်

ကာဆန်စီးတီး၊ ဖေဖော်ဝါရီ ၁၇

ဒီမိုကရက်တစ်သမ္မတလောင်းနေရာ အတွက် ပြိုင်ပွဲဝင်နေသော ဆီနိတ်တာအမတ် ဘာနီဆန်းဒါးသည် ပြိုင်ဘက်ဖြစ်သူ နယူးယောက်မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘာ့ဂ်ကို ရာထူးနေရာအတွက် ငွေများသုံးကာ ဝယ်ယူနေသူတစ်ဦးဟု နီးဗားဒါးပြည်နယ်၊ ကာဆင်စီးတီးလူထုတွေ့ဆုံပွဲတွင် ပုတ်ခတ်စွပ်စွဲလိုက်သည်။ 

"ဟုတ်တယ်၊ ခင်ဗျားက သမ္မတနေရာကိုဝယ်တာ။အနည်းဆုံးတော့ သမ္မတနေရာကို ဝယ်ဖို့ကြိုးစားတာ။ ရုပ်သံကြော်ငြာတွေအတွက် ဒေါ်လာ သန်းရာပေါင်းများစွာ သုံးပြီးတော့ပေါ့" ဟု ဆန်းဒါးက ပြောကြားခဲ့သည်။ 

ဘလွန်းဘာ့ဂ် မဲဆွယ်ရေးအဖွဲ့က စံချိန်တင် ငွေကြေးများသုံးကာ မဲဆွယ်လှုပ်ရှားလာခဲ့ပြီးနောက် ယင်းသို့ ဝေဖန်မှု ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ 

မိုက်ကယ်ဘလွန်းဘာ့ဂ်သည် သမ္မတရွေးပွဲသို့ ဝင်ပါမည်ဟု ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် တရားဝင်ကြေညာလိုက်ပြီးကတည်းက သုံးစွဲသည့် ငွေကြေးပမာဏ ဒေါ်လာ ၃၈၁ သန်း ရှိသွားခဲ့ပြီဖြစ်သည်။

မဲဆွယ်စည်းရုံးရေးကာလ နှစ်လတည်းမှာပင် ဘလွန်းဘာ့ဂ်သည် ကြော်ငြာကဏ္ဍ၌ ဒေါ်လာသန်း ၂၀ဝ အသုံးပြုပြီးဖြစ်သည်။ 

နယူးဟမ့်ရှိုင်းယား၊ တောင်ကယ်ရိုလိုင်းနား၊ နီဗားဒါး စသော ပြည်နယ်များတွင် ဒေသခံများနှင့် တွေ့ဆုံရန် မလာရောက်မှုအပေါ်လည်း ဘာနီဆန်းဒါးက ဘလွန်းဘာ့ဂ်ကို ဝေဖန်ပြောကြားခဲ့သည်။ 

"အိုင်အိုဝါမှာဒေသခံများနဲ့ တွေ့ဆုံစကားပြောနေခဲ့ချိန်မှာလည်း မိုက်ခ်ကို မတွေ့ခဲ့ရပါဘူး" ဟု ဘာနီဆန်းဒါးက ပြောကြားခဲ့သည်။ 

"သူက ရွေးကောက်ပွဲကို ဝယ်လို့ရမယ်ထင်နေပုံရတယ်" ဟု ဆန်းဒါးစ်က ပြောဆိုလိုက်ကာ၊ အမေရိကန်ပြည်သူများသည် ရွေးကောက်ပွဲများသို့ ဘီလျံနာများ ငွေပုံအောကာဝင်ရောက်ရယူခြင်းကို စိတ်ကုန်နေပြီဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပြန်သည်။ 

ဘာနီဆန်းဒါးသည် ဒီမိုကရက်တစ် သမ္မတလောင်းပြိုင်ဘက် ဒုသမ္မတဟောင်း ဂျိုးဘစ်ဒင် နှင့် အင်ဒီယာနာပြည်နယ်မှ မြို့တော်ဝန် ပိဘူတီဂျေးတို့ကိုလည်း ရန်ပုံငွေရှာဖွေရေးကိစ္စတွင် ဘီလျံနာကြီးများနှင့် ပတ်သက်နေမှုဖြင့် စွပ်စွဲပုတ်ခတ်ခဲ့သည်။ 

"သူတို့နှစ်ဦးဟာ ဘီလျံနာ ၄၀ ကျော်ထံကနေ မဲဆွယ်စည်းရုံးရေး ရန်ပုံငွေတွေ ရရှိထားပါတယ်"ဟု ၎င်းကဆိုသည်။                                                          
F-02