News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇၇၀ ရှိ၊ ကူးစက်မှုနူန်း ကျဆင်းလာဟုဆို
18-Feb-2020


ဝူဟန်၊ ဖေဖော်ဝါရီ ၁၇

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၁၇၇၀ ဦးရှိပြီဖြစ်ကာ ကူးစက်မှုနှုန်းကျဆင်းလာလျက်ရှိကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ထားသည်။

ဗိုင်းရပ်စ်ကြောင့် တစ်နိုင်ငံလုံးတွင် ကူးစက်ခံရသူဦးရေ ၇၀,၅၀ဝ ဦး ရှိခဲ့ကာ ဒီဇင်ဘာလအတွင်းက ဟူဘေးပြည်နယ်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး တိုင်းပြည်အနှံ့ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။ 

တရုတ်အာဏာပိုင်များသည် လူဦးရေ ၅၆ သန်းရှိသော ဟူဘေးပြည်နယ်တစ်ခုလုံးနှင့် မြို့တော်ဝူဟန်ကို တခြားနယ်မြေများနှင့် မထိတွေ့စေဘဲ သီးခြားထားစောင့်ကြည့်လျက်ရှိသည်။ 

ရောဂါစတင်ပေါက်ဖွားရာဒေသ၏ အပြင်ဘက်တွင် ပြီးခဲ့သည့် ၁၃ ရက်အတွင်း ကူးစက်မှုနူန်း ကျဆင်းသွားခဲ့သည်။ 

ဟူဘေးပြည်နယ်အပြင်ဘက်တွင် လတ်တလော နေ့စဉ်ကူးစက်မှုနှုန်း ၁၁၅ ဦး ရှိနေပြီး ပြီးခဲ့သည့် သီတင်းပတ်က တစ်ရက်လျှင် လူ ၄၅၀ ထံသို့ ကူးစက်မှုနှုန်းနှင့် နှိုင်းယှဉ်လျှင် အတော်ကျသွားသည်ဆိုရမည်။ 

တရုတ်နိုင်ငံအနှံ့အပြားရှိ ဒေသအာဏာပိုင်များက ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်းကို ရပ်တန့်ရန် အစီအစဉ်များ ဆောင်ရွက်နေသည်။

မြို့တော်ဘေဂျင်းသို့ လာရောက်လိုသည့် မည်သူမဆို မိမိကိုယ်ကို အခြားသူများနှင့် မထိတွေ့ဘဲ သီးခြား ၁၄ ရက် စောင့်ကြည့်စေသည့် အစီအစဉ်များကိုလည်း ချမှတ်ထားခဲ့သည်။ 

ကူးစက်မှုအများဆုံးနှုန်းသည် ဟူဘေးပြည်နယ်တွင်ဖြစ်ပြီး ကူးစက်မှုနှုန်းနှေးကွေးလာခြင်းက ရောဂါကို ထိန်းချုပ်နိုင်သည့်သဘောဟု တရုတ်အမျိုးသား ကျန်းမာရေးအာဏာပိုင်အဖွဲ့ ပြောခွင့်ရအရာရှိက ဆိုသည်။ 

ရောဂါပြန့်ပွားမှုသည် မည်သည့် ဦးတည်ချက်ဖြင့် ရွေ့လျားသွားမည်ကို မခန့်မှန်းနိုင်ဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ၏ အကြီးအကဲ တက်ဒ်ရို့စ်အက်ဟန်နွန် ဂီဘရီယီဆက်စ်က သတိပေးလိုက်သည်။ 

နိုင်ငံတကာကျွမ်းကျင်သူများလည်း ဘေဂျင်းသို့ရောက်ရှိနေကာ၊ တရုတ်ပညာရှင်များနှင့် တွေ့ဆုံပူးပေါင်းလျက်ရှိသည်ဟု WHO ခေါင်းဆောင်က Twitter တွင် ဖော်ပြထားသည်။   

F-02