News

POST TYPE

NEWS

အချက်အလက်အပြည့်အစုံဖြင့် တင်ပြလာပါက ဒီဇယ်ဆီဖိုးငွေ ကျပ်သိန်း ၇၀၀ကျော်ကို ပေးချေမည်ဟု ဒေါ်တင့်တင့်လွင်ပြော
17-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

Petro & Trans Group ကုမ္ပဏီအနေဖြင့် အချက်အလက်အပြည့်အစုံဖြင့် တင်ပြနိုင်ပါက ဒီဇယ်ဆီဖိုးငွေ ကျပ်သိန်း ၇၀၀ကျော်ကို ပေးချေသွားမည်ဖြစ်ကြောင်း Yangon Water Bus ပြေးဆွဲခဲ့သည့် Tint Tint Myanmar Group ကုမ္ပဏီ ဥက္ကဌ ဒေါ်တင့်တင့်လွင်က  ပြောကြားခဲ့သည်။

"အပေါ်စာနဲ့တော့ လာတောင်းခံလို့မရဘူး။ဆီဘယ်နှစ်ဂါလံမည်သည့်နေ့ရက်မှာဘယ်သူကထုတ်ယူသွားပါတယ်ဆိုတဲ့ သိန်းဘယ်လောက်ပဲဖြစ်ဖြစ် ဒီဘောင်ချာတွေအကုန်အစုံနဲ့ ကျွန်မတို့ရုံးကိုယူခဲ့ပါ။ ကျွန်မတို့ကုမ္ပဏီက ပေးရန်ရှိပါတယ်ဆိုရင် သိက္ခာရှိရှိပေးဖို့အစဉ်သင့်ပါပဲ။ ဘောချာမပါဘဲ ကွန်ပျုတာနဲ့ရိုက်လာတာဆိုရင်တော့မရဘူး"ဟု ၎င်းကဆိုသည်။

သူအနေဖြင့် Petro &Trans Group ကုမ္ပဏီကို မသိရှိဘဲ ဒီဇယ်များဝယ်ယူခဲ့သည်ဆိုပြီး သတင်းစာ၌ ဖော်ပြထားသည့် ခုနှစ်က စီမံခန့်ခွဲမူကုမ္ပဏီက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  ဒေါ်တင့်တင့်လွင် ထပ်မံပြောကြားသည်။

Yangon Water Bus ပြေးဆွဲခဲ့သော Tint Tint Myanmar Group ကုမ္ပဏီအနေနှင့် အကြွေးစနစ်ဖြင့် ဝယ်ယူခဲ့သည့် ဒီဇယ်ဆီဖိုးငွေပေးချေရန် ကျန်ရှိသည့် ကျပ်သိန်း ၇၀၀ကျော်ကို ဖေဖော်ဝါရီ ၂၈ရက်အတွင်း မပေးချေပါက တရားမကြောင်း ၊ ရာဇဝတ်ကြောင်းများအရတရားစွဲဆိုသွားမည်ဖြစ်ကြောင်းPetro &Trans Group ကုမ္ပဏီကနိုင်ငံပိုင်သတင်းစာတွင်ကြေငြာထားသည်။

Tint Tint Myanmar ကုမ္ပဏီပိုင် ရေယာဉ် Water Bus များတွင် သုံးစွဲရန်အတွက် ဒီဇယ်များကိုPetro & Trans Group ကုမ္ပဏီထံ လကုန်ပြီး ၁ဝရက်အတွင်း ပေးချေပါမည်ဟု ကတိပြုကာ အကြွေးစနစ်ဖြင့် ၂၀၁၈ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ဝယ်ယူခဲ့သော ဒီဇယ်တန်ဖိုးပေးချေရန် ကျန်ငွေစုစုပေါင်း ကျပ် ၇၇၂၁၃၈၅ဝကို ၂၀၁၉ခုနှစ် ၈လပိုင်းတွင် အကျေပေးမည်ဟု ဒေါ်တင့်တင့်လွင်ကိုယ်တိုင်လက်မှတ်ထိုးကတိပြုခဲ့သော်လည်း ပေးဆပ်ခဲ့ခြင်းမရှိကြောင်း ယင်းဖော်ပြချက်တွင်ပါရှိသည်.။

ဒေါ်တင့်တင့်လွင်သည် အဆိုပါငွေကြေးအတွက်ယုံကြည်စိတ်ချစေရန် Water Bus 3ရေယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်း ငါးမျိုးကို ပေးအပ်ခဲ့ပြီး ကျန်ငွေများကိုလည်း ကတိအတိုင်း ပေးချေရမည့်ရက်တွင် မပေးချေခဲ့ကြောင်းPetro & Trans Group ကုမ္ပဏီမှ ကျန်ရှိငွေများကို ၂၀၂ဝခုနှစ် ဖေဖော်ဝါရီ ၇ရက်တွင် ပေးချေရန် ရှေ့နေမှတစ်ဆင့် Notice စာပြန်လည်ရောက်ရှိလာကြောင်း ၊ ထို့အပြင် ဒေါ်တင့်တင့်လွင်အား ယင်းကိစ္စနှင့်ပတ်သက်၍ အကြောင်းကြားရန်ဖုန်းဆက်သော်လည်း ဖုန်းမကိုင်ကြောင်း ကြေငြာချက်တွင်ဖော်ပြထားသည်။

Yangon Water Bus ပြေးဆွဲမူကို ၂၀၁၇ခုနှစ် အောက်တိုဘာလအတွင်းမှစတင်ကာ ရန်ကုန်မြစ်ရှိ ဆိပ်ကမ်းများသို့ ပြေးဆွဲပေးခဲ့ကာ ၂၀၁၉ခုနှစ် စက်တင်ဘာ ၂၇ရက်နေ့က သင်္ဘောနှင့် ဆိပ်ကမ်းအဆင့်မြှင့်တင်နေသည့်အတွက် ရပ်နားထားခဲ့ပြီး Yangon Water Bus Page တွင်မူ ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံခြားမှ အသစ်ဝယ်ယူထားသည့် ရေယာဉ်များဖြင့်ပြေးဆွဲမည်ဟု ကြေငြာထားသည်။

J-04