News

POST TYPE

NEWS

ရန်ကုန်မိုးပျံလမ်း ရင်းနှီးမြှုပ်နှံငွေများကို ဗဟိုဘဏ်ထိန်းချုပ်မှုဖြင့် ဆောင်ရွက်မည်
17-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရန်ကုန်မိုးပျံလမ်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည့်ငွေကြေးများကို ဗဟိုဘဏ်ထိန်းချုပ်မှုအောက်တွင်ထားရှိ၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

“ဒီငွေတွေကိုသွင်းလာတဲ့အခါမှာ နိုင်ငံမှာလည်း ငွေရေးကြေးရေးအရ တည်ငြိမ်မှုကို ဗဟိုဘဏ်က ထိန်းရတယ်။ သူတို့အနေနဲ့ အမြတ်တွေပြန်ထုတ်သွားမယ်ဆိုရင် အဆိုပြုထားတဲ့ အမြတ်ပဲထုတ်မှာလားဆိုတာ ထိန်းရတယ်။ ရှိသမျှအကုန်ထုတ်လို့မရဘူး” ဟု ရန်ကုန်မိုးပျံလမ်းစီမံကိန်း လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောဆိုသည်။

ရန်ကုန်မိုးပျံလမ်းစီမံကိန်း တည်ဆောက်ရန်အတွက် ဆောက်လုပ်ခွင့်ရရှိသည့် ကုမ္ပဏီက မတည်ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာသန်းတစ်ထောင်ခန့် အစိုးရသို့ ပေးချေရမည်ဖြစ်ပြီး အစိုးရက အဆိုပါနိုင်ငံခြားငွေများကို ငွေကြေးကွာခြားချက်လျော့နည်းစေရန် ဗဟိုဘဏ်ထိန်းချုပ်မှုဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီသည် အဆိုပါငွေများကို မြန်မာငွေကြေးဖြင့် ပြန်လည်ကောက်ခံရရှိမည်ဖြစ်ပြီး အဆိုပါငွေကြေးများကို အမြတ်ခွဲဝေမှုနှင့် မူလတန်ဖိုးပြန်လည်ပေးချေရာတွင် ဒေါ်လာအဖြစ်ပြောင်းလဲရာ၌ ဗဟိုဘဏ်၏လုပ်ဆောင်မှုဖြင့် ပေးချေမည်ဖြစ်သည်။

ရန်ကုန်မိုးပျံလမ်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် တင်ဒါအောင်ကုမ္ပဏီများနှင့် PPP စနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါစီမံကိန်း လမ်းအသုံးပြုခွင့် ကောက်ခံမည့်ငွေကြေးများကို ရင်းနှီးမြှုပ်ထားသော ကုမ္ပဏီက ၃၅ နှစ် ကောက်ခံမည်ဖြစ်ပြီး ယင်းသက်တမ်းကျော်လွန်သည့်ကာလတွင် အစိုးရက ဆက်လက်ကောက်ခံမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းထံမှ သိရသည်။

လမ်းအသုံးပြုခများကို လမ်းအကွာအဝေး အသုံးပြုမှုပေါ်မူတည်၍ ကျပ် ၁,၃၀၀ ဝန်းကျင်မှ ကျပ် ၃,ဝ၀၀ ဝန်းကျင်အထိ ကောက်ခံမည်ဖြစ်ပြီး ဒေါ်လာဈေးအတက်အကျဖြင့် ဈေးနှုန်းပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

J-03