News

POST TYPE

NEWS

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကာလ ဘီယာဆိုင်များ ညနက်သည်အထိမဖွင့်ရန် တားမြစ်
17-Feb-2020
တောင်ငူ၊ ဖေဖော်ဝါရီ ၁၇

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကာလအတွင်း အရက်ဆိုင် ၊ဘီယာဆိုင်များ နှင့်ကာရာအိုကေဆိုင်များ ညနက်သည်အထိ  ဖွင့်လှစ်ရောင်းချခြင်းမပြုရန် အုပ်ချုပ်ရေးအဖွဲ့မှဒေသန္တရအမိန့်ထုတ်ပြန်တားမြစ်မည်ဖြစ်ကြောင်း တောင်ငူမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသီဟဇော်က ပြောကြားသည်။

“အခုရက်ပိုင်းမှာ ထုတ်ပြန်တားမြစ်မှာဖြစ်ပါတယ်။ ပွဲလမ်းတွေအနေနဲ့လည်း အသံချဲ့စက်ဖွင့်ခွင့် လျှောက်ရမယ်။ အရက်၊ဘီယာဆိုင်တွေအတွက်ကန့်သတ်ထားတဲ့ စည်းကမ်းချက်တွေပါမယ်။ မလိုက်နာရင်တော့ တည်ဆဲဥပဒေနဲ့ အရေးယူမယ်။ အုပ်ချုပ်ရေးမှူးတွေကိုတော့ နုတ်နဲ့ပြောထားပါပြီ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို မတ်လ ၁၁ မှ၂၀ ရက်နေ့အထိကျင်းပမည်ဖြစ်ရာ စာမေးပွဲဖြေဆိုရမည့်ရက်များအတွင်း ကျောင်းသားများ အေးချမ်းစွာဖြေဆိုနိုင်ရေး တောင်ငူမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဒေသန္တရဥပဒေ ထုတ်ပြန်သွားရန် စီစဉ်နေခြင်းဖြစ်သည်။ 

“စာသင်ကျောင်းအနီးမှာရှိတဲ့ စားသောက်ဆိုင်တွေ၊ဈေးဆိုင်တွေ ညနက်တဲ့အထိမဖွင့်ဖို့ မှာထာပြီးပါပြီ။ အသံချဲ့စက်တွေမဖွင့်စေဖို့လည်း အုပ်ချုပ်ရေးအဖွဲ့က နုတ်နဲ့မှာထားပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညကတော့ အသံချဲ့စက်တွေနဲ့ တစ်မြို့လုံးကို သတိပေးကြေညာထားပါတယ်” ဟု တောင်ငူမြို့မြို့ပေါ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ်အတွင်း ရပ်ကွက် ၊ ကျေးရွာအုပ်စုပေါင်း ၆၄ ခုရှိကာ အထက်တန်းအဆင့် ပုဂ္ဂလိကကျောင်းနှင့် အစိုးရကျောင်း၂၆ ကျောင်းရှိ တက္ကသိုလ်ဝင်ခွင့်စာဖြေဌာန ၁၄ ခုမှနေ၍ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူ  ၅၀ဝ၀ ဝန်းကျင်ရှိနိုင်ကြောင်း တောင်ငူမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

R-02