News

POST TYPE

NEWS

တနင်္သာရီတိုင်းအတွင်းကလေးလုပ်သား စစ်တမ်းကောက်ရန် စီစဉ်
17-Feb-2020
ထားဝယ်၊ ဖေဖော်ဝါရီ ၁၆

ကလေးလုပ်သား ပပျောက်ရေးစီမံချက်၏ ကနဦးလုပ်ငန်းဖြစ်သည့် ကလေးလုပ်သား စစ်တမ်းကောက်ယူနိုင်ရေး စီစဉ်နေကြောင်း တနင်္သာရီတိုင်း ကလေးလုပ်သားစာရင်းကောက်ယူရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး ဒေါ်စုစုနွယ်က ပြောသည်။

ကနဦးအနေနှင့် အစားအစာထုတ်လုပ်ခြင်းလုပ်ငန်း၊ လက်လီ၊ လက်ကား ရောင်းဝယ်ရေးလုပ်ငန်းနှင့် မော်တော်ယာဉ်နှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင် ကလေးအလုပ်သမားများ အလုပ်ဝင်ရောက်နေခြင်း ရှိ၊ မရှိကို စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း ဒေါ်စုစုနွယ်က ပြောသည်။

၂၀၁၈ ခုနှစ်တွင် ကောက်ခံထားသည့် စာရင်းအရတိုင်းအတွင်းတွင် အထက်ပါလုပ်ငန်းလုပ်ကိုင်နေသည့် စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်၊ ဈေးဆိုင် စုစုပေါင်း လေးထောင်ကျော် (၄၅၀၁) ရှိသည့်အနက် နမူနာအနေနှင့် ဆိုင်နှစ်ထောင်နီးပါး (၁၈၉၁ ဆိုင်) တွင် ကောက်ယူမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းကဲ့သို့ ကောက်ယူနိုင်ရန်အတွက် ပြင်ပစာရင်းကောက်ယူသူ အယောက် ၃၀ နှင့် ဌာနမှ ဝန်ထမ်းဆယ်ဦး စုစုပေါင်းလူအင်အား လေးဆယ်ဖြင့် မြို့နယ်ဆယ်မြို့နယ်စလုံးတွင် ကောက်ရန်စီစဉ်ထားကြောင်း ၎င်းကပြောသည်။

"အစကတည်းက ဒီစစ်တမ်းကောက်ဖို့ လုပ်ငန်းအစီအစဉ်ကို ချထားပေးပြီးသား၊ မိုးရာသီထဲမှာ ဖြစ်နေတယ် ကောက်ဖို့ကလေ။ မိုးရာသီဆိုရင်တော့ တနင်္သာရီတိုင်းမှာ သွားရေးလာရေးခက်ခဲလို့ အချိန်ကို ပြန်ညှိဖို့ကို ကော်မတီဗဟိုကို တင်ပြထားတယ်" ဟု ၎င်းက ဆိုသည်။

ကလေးအလုပ်သမား ပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ငါးနှစ်ပြီး ငါးနှစ် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင် ကလေးအလုပ်သမား ပပျောက်ရေးစီမံချက် အကောင်အထည်ဖော်ရန်အတွက် တိုင်းအစိုးရအဖွဲ့ဝင် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဥက္ကဋ္ဌ တာဝန်ယူပြီးဖွဲ့စည်းထားသည့် အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ကော်မတီ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာကော်မတီ၊ ဥပဒေရေးရာကော်မတီ စသည်ဖြင့် လုပ်ငန်းကော်မတီ ၈ ခု ဖွဲ့စည်းထားပြီး ဖြစ်သည်။

ယင်းစစ်တမ်းကောက်ယူရေးတွင် ခရီးစရိတ်အဖြစ်အသုံးပြုရန် ငွေကျပ် ၂၇ သိန်းလျာထားပြီး စုစုပေါင်း ကောက်ယူမည့် အချက်အလက် ၇၀ ကျော်ရှိကြောင်း ကလေးအလုပ်သမား စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ စာရင်းအရ သိရသည်။

Dawei Watch