News

POST TYPE

NEWS

ပုံတောင်ခြေရင်းရှိ ကျေးရွာများတွင် ကျောင်းဆရာ‌မလုံလောက်၍ ပညာသင်ကြားရေး အခက်အခဲဖြစ်
17-Feb-2020


မုံရွာ၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်အတွင်း ပုံတောင်ခြေတွင်ရှိသည့် ခေါင်းပါးသောကျေးရွာများတွင် ဆရာ၊ ဆရာမ လုံလောက်မှုမရှိသဖြင့် ကလေးငယ်များ ပညာသင်ကြားရေးတွင် အခက်အခဲများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

"တာဝန်ကျ ဆရာ၊ ဆရာမ မလုံလောက်တာတွေကြောင့် ရွာအတွင်းက ၁၀ တန်းအောင်ပြီးသား ကျောင်းသားလူငယ်တချို့ကို အကူအညီတောင်းပြီး သင်ကြားနေရတယ်" ဟု မယင်းအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

"မယင်းကျေးရွာ အလယ်တန်းကျောင်းခွဲမှာဆိုရင် ကျောင်းသားဦးရေ စုစုပေါင်း ၃၄၇ ယောက်ရှိတယ်။ KG တန်းမှာဆိုရင် ကျောင်းသားပေါင်း ၂၃၀ မှာ သင်ကြားတဲ့ ဆရာ ၂ ယောက်ပဲရှိတယ်။ စဉ်းစားကြည့်။အရင် ‌တာဝန်ကျ ကျောင်းဆရာ ၆ ယောက်က ပြောင်းသွားတယ်။ ဒါပေမဲ့ ပြောင်းသာ‌သွားတာ အဲဒီဆရာတွေနေရာကို သက်ဆိုင်ရာပညာရေးက အစားထိုးမပေးဘူး။အခုက ဝန်နဲ့အား အဆမတန် ကွာခြားနေတယ်။အဲဒီတော့ ၁၀ တန်းအောင်ပြီးသား လူငယ်တချို့ကို အကူအညီတောင်းပြီး သင်နေရတယ်။ ဒါကလည်း သူတို့ တက္ကသိုလ်တက်ချိန်ဆို ဒုက္ခရောက်ပြီ။ ဒီကြားထဲမှာ လမ်းပန်းဆက်သွယ်ရေးကဆိုးဝါးတော့ ကလေးတွေ ပညာသင်ကြား ရတာလည်း ဒုက္ခရောက်ကြရတယ်" ဟု ၎င်းကဆိုသည်။

မယင်းကျေးရွာနှင့် တစ်အုပ်စုတည်းတွင်ရှိသည့် ခင်သာကျေးရွာ မူလတန်းကျောင်းတွင်လည်း သင်ကြားရေးဆရာများ မလုံလောက်သည့်အပြင် ကလေးငယ်များမှာ ရေစီးသန်သည့် ယမားချောင်းကို ဖြတ်သန်းပြီး ကျောင်းတက်ရသဖြင့် ပညာရေးမှာ အခက်အခဲဖြစ်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

"ကျွန်တော်တို့ရွာဆို ပိုဆိုးတယ်။ ရွာရဲ့ ဟိုဘက်ဆို ဘာရွာမှမရှိတော့ဘူး။ တောအုပ်ကြီးပဲရှိတယ်။သင်ကြားရေးပိုင်းမှာ ဆရာတွေက ဘာမှလုံလောက်မှု မရှိဘူး။ ကျောင်းသားဦးရေကများပြီး ဆရာဦးရေက ၅ ယောက်လောက်ရှိတာ။ ဒီထက်ဆိုးတာက ယမားချောင်းရေ ကျလာပြီဆို တစ်ဖက်ကမ်းကနေ ကူးမလာကြဖို့ ကလေးတွေကို အော်ပြောရတယ်။ နီးစပ်ရာအိမ်အိပ်ပေါ့။ ကျောင်းသွားချိန် ချောင်းရေကျရင် ကလေးတွေကို ကျောင်းမထည့်ရဲဘူး။ရေစီးထဲမျောရင် ကျွန်တော်တို့ မိဘတွေက ရင်ကျိုးမှာ။ ဒါ့ကြောင့် ဒီယမားချောင်းကို တံတား‌လေးလုပ်‌‌ပေးဖို့အစိုးရကို တင်ပြချင်တာ" ဟု ခင်သာကျေးရွာ ရပ်မိရပ်ဖ ဦးဝင်းကျော်က ပြောသည်။

ရန်နိုင်စိုး(VOM)