News

POST TYPE

NEWS

ပလက်ဝတွင် ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်
17-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ 

ပလက်ဝမြို့နယ်ရှိ ကလေးများ ဝမ်းပျက်ဝမ်းလျှောခြင်းများ ဖြစ်နေသည့်အတွက် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း ချင်းပြည်နယ် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပလက်ဝမြို့နယ်ရှိ မြို့ပေါ်နှင့် ကျေးလက်ဒေသမှ ကလေးများသည် ရာသီအကူးအပြောင်းကြောင့်ဖြစ်သော ဖျားနာခြင်း၏ နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျှောခြင်းများ ဖြစ်ပွားနေပြီး ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသမှုများခံယူနေရကြောင်း၊ အစုအလိုက်အပြုံလိုက် ဖြစ်ပွားခြင်းမျိုး မဟုတ်ဘဲ ဖြစ်ပွားသည့်နေရာ တူညီမှုမရှိကြောင်း ယင်းဦးစီးဌာနမှ သိရသည်။

"မိဘတွေက စိတ်ပူပြီးတော့ ဆေးရုံတင်ထားချင်တယ်ဆိုလို့ ဆေးရုံမှာပဲထားတာ။အငယ်ဆုံး အသက် ၅ လ ကနေ အကြီးဆုံးအသက် ၂ နှစ်အရွယ် အထိပါ။ စိုးရိမ်စရာမရှိပါဘူး။ အားလုံးပေါင်း ၅ယောက်တင်ထားပါတယ်" ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပလက်ဝမြို့နယ်ရှိ ကလေးများ ဝမ်းပျက်ဝမ်းလျှောခြင်း ဖြစ်ပွားသည့်အတွက် ပလက်ဝပြည်သူ့ဆေးရုံသို့ လာရောက်ကုသမှုခံယူနေရသည့် အခြေအနေမှာ လွန်စွာများပြားပြီး ဆေးရုံရှိ ခုတင် လောက်ငမှုပင်မရှိကြောင်း ပလက်ဝမြို့နယ် လူမှုရေးအသင်း (ရန်ကုန်)မှ ကိုပီတာလွယ်လူးက ဆိုသည်။

"ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ပလက်ဝဆေးရုံကိုပဲ လာပြရတာ ခုတင်တောင်မလောက်ဘူး။နယ်ဘက်ကလည်း ပါတယ်။ ကောင်းသွားလိုက် ပြန်ဆင်းသွားလိုက် တခြားနေရာက ထပ်ရောက်လာလိုက်ဖြစ်တယ်။ ဆင်းလိုက်တက်လိုက်ပေါ့" ဟု ကိုပီတာလွယ်လူးက ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့တွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ကျေးရွာများမှ ပလက်ဝမြို့ပေါ်သို့ လာရောက်မည့် လူနာရှင်အချို့မှာ ပလက်ဝဆေးရုံသို့ လာရောက်နိုင်ခြင်းမရှိဘဲ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်ကာ ပလက်ဝနှင့် ကျောက်တော်ကြား ပြေးဆွဲနေသည့် စက်လှေများသွားလာခွင့်ကို ယာယီပိတ်ထားခဲ့သည့်အတွက် သွားလာရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှသိရသည်။

S-09