News

POST TYPE

NEWS

ရေနံချောင်းရှိ ဘော်ဒါဆောင်တစ်ခုတွင် ဓားထိုးမှုဖြစ်၊ တစ်ဦးသေဆုံး
17-Feb-2020


ချောက်၊ ဖေဖော်ဝါရီ ၁၆

မကွေးတိုင်း ရေနံချောင်းမြို့သစ် သစ်တပွေရပ်ကွက်ရှိ တောင်ပေါ်သားဘော်ဒါဆောင်၌ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်က တက္ကသိုလ်ကျောင်းသားအချင်းချင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုပွားခဲ့ပြီး ပထမနှစ် ဓာတုဗေဒကျောင်းသားတစ်ဦး သေဆုံးခဲ့သည်ဟု ယင်းမြို့ ညောင်လှနယ်မြေ ရဲစခန်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရေနံချောင်းဒီဂရီကောလိပ်မှ ပထမနှစ် ဓာတုဗေဒကျောင်းသား ကျော်မျိုးလင်း (၁၈ နှစ်)သည် ၎င်း၏သူငယ်ချင်းဖြစ်သူ နေထိုင်သော ဘော်ဒါဆောင်သို့ လာရောက်အိပ်ခဲ့စဉ် ထိုဘော်ဒါဆောင်တွင်နေထိုင်သော အောင်မျိုးဦး (၁၇ နှစ်)၏စောင်ကို ယူခြုံသဖြင့် ၎င်းတို့နှစ်ဦးစကားများခဲ့ကြပြီး နောက်တစ်နေ့ (ဖေဖော်ဝါရီလ ၁၅ ရက်) နံနက်ပိုင်းတွင် ကျော်မျိုးလင်း၏အစ်ကို ဝမ်းခွဲတော်စပ်သူ MP ဒုတိယနှစ်ကျောင်းသား သန်းနိုင် (၂၁ နှစ်) က အောင်မျိုးဦးကို ပုလင်းခွံဖြင့်ရိုက်ခဲ့ရာ ကျောင်းသားများက ဖျန်ဖြေခဲ့သဖြင့် ယင်းနေ့က ရန်ပွဲပြီးဆုံးခဲ့ကြောင်း ရဲကြေးနန်းအရ သိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင်မူ တောင်ပေါ်သားဘော်ဒါဆောင်တွင် ကျူရှင်တက်နေသော ကျော်မျိုးလင်းအား အောင်မျိုးဦးက ပုလင်းဖြင့်စတင်ရိုက်နှက်ခဲ့ရာ ပထမနှစ် ဓာတုဗေဒကျောင်းသား ကျော်မျိုးလင်း က အသင့်ပါလာသောဓားဖြင့် ပြန်ထိုးခဲ့သောကြောင့် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ ပထမနှစ်ဓာတုဗေဒ ကျောင်း သားအောင်မျိုးဦးသည် ညာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ညာဘက် လက်မောင်းရင်း ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာဘက်ရင်ပတ်အထက်ပိုင်း ထိုးသွင်းဒဏ်ရာ တစ်ချက် စုစုပေါင်း ထိုးသွင်း ဒဏ်ရာ သုံးချက်ရရှိခဲ့ပြီး ရေနံချောင်း ပြည်သူဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ညောင်လှနယ်မြေ ရဲစခန်းထံမှလည်း သိရသည်။

"ဖြစ်တာက ကျူရှင်မှာဖြစ်တာ၊ မနေ့ကတည်းက တစ်ယောက်နဲ့တစ်ယောက် စကားများရန်ဖြစ်တာ။ဒီနေ့လည်း မနေ့ကအတိုင်း ပြဿနာဖြစ်တာ။ဓားက အလွယ်ပါလာတော့ ဓားနဲ့ထိုးလိုက်တာပေါ့။ တစ်ယောက်ချင်းဖြစ်တာ" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဓားထိုးမှုကျူးလွန်ခဲ့သူ ပထမနှစ်ဓာတုဗေဒ ကျောင်းသား ကျော်မျိုးလင်းမှာ ထွက်ပြေးတိမ်းရှောင်နေရာ ၎င်းကို အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေကြောင်း ညောင်လှနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နေမင်းထွန်းက ပြောဆိုသည်။

R-11