News

POST TYPE

NEWS

မူဆယ်ကုန်သွယ်ရေးဇုန် ကုန်သွယ်ရေးရပ်ဆိုင်းမှု မတ်လလယ်အထိကြာမြင့်နိုင်
17-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဝူဟန်ဒေသတွင်ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဖရဲ၊ သခွားမွှေးအပါအဝင် အခြားကုန်စည်များတင်ပို့ရောင်းချမှုမှာ ရပ်တန့်လျက်ရှိပြီး လာမည့်မတ်လလယ်အထိ ကြာမြင့်နိုင်ကြောင်း မူဆယ်မှ ကုန်သည်များက သုံးသပ်ပြောကြားသည်။

"ဖရဲ၊ သခွားတင်ပို့ရောင်းချမှု ပုံမှန်ဈေးကွက်ပြန်ရောက်ဖို့ဆိုတာ ကူးစက်ရောဂါထိန်းချုပ်နိုင်မှုအပေါ်မူတည်ပြီး မတ်လလယ်အထိ ကြာမြင့်နိုင်တယ်။တက်ဟုန်းပြည်နယ်ခွဲ၊ ယူနန်ပြည်နယ်အတွင်းမှာလည်း ဈေးကွက်ဝေစုရရှိတာကြောင့် အလွန်နည်းတဲ့သစ်သီးတန်ချိန် ပမာဏပဲ ရောင်းချလို့ရတယ်" ဟု ဖရဲ၊ သခွားမွှေးကုန်သည်တစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဖရဲ၊  သခွားဝယ်ယူသည့်တရုတ် ၁၄၀ ခန့်လာရောက်ကာ မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်သို့ ၈၅၅ ဖရဲကားအစီးရေ ၃ စီး၊ ဂျပ်ဖာ ၂၁ ဖာ၊ သခွားမွှေး ၇၀ စီး ဝင်ရောက်ပြီး ၈၅၅ ဖရဲစီးပြတ်ဈေးနှုန်းမှာ တရုတ်ငွေယွမ် ၃၀ဝ၀ မှ ၆၀ဝ၀၊ ရွှေသခွား ဂျပ်ဖာတစ်ကီလိုလျှင် ၃ ယွမ်မှ ၄ ဒသမ ၃ ယွမ်အထိပေါက်ဈေးရှိကြောင်း ခွာညိုသစ်သီးပွဲရုံထံမှ သိရသည်။

"အရောင်းအဝယ်က ဒီလိုပါပဲ။ သခွားမွှေးက ကီလိုဈေးနဲ့တော့ ရောင်းလို့ရတယ်။ တစ်ကီလို ၃ ယွမ်၊ ၄ ယွမ်၊ ဖရဲက ၃ စီးတွဲကို တရုတ်ငွေတစ်သောင်းတို့၊ တစ်သောင်းခွဲတို့။အရောင်းအဝယ်က ဘာမှသိပ်မထူးဘူး။ ဖရဲသီးက အထွက်ကောင်းနေတဲ့ အချိန်ဆိုတော့ အထိနာတာပေါ့။ ကားခသာသာလောက်ပဲရတယ်" ဟု ခွာညိုသစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင်က ပြောကြားသည်။

ကုန်စည်တင်ဆောင်သည့်ယာဉ်များအနေနှင့် အရောင်းအဝယ်မကောင်းသောကြောင့် သယ်ယူပို့ဆောင်ခသာ ပြန်လည်ရရှိသည့်အတွက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံကုန်စည်ဒိုင်က ကုန်စည်ဒိုင်သို့ဝင်ရောက်လာသည့် ကားများအပေါ်ကောက်ခံနေသည့် ကုန်စည်ဒိုင်ကြေးများကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုထားခြင်းဖြစ်သည်။

S-07