News

POST TYPE

NEWS

မိုးပျံလမ်းစီမံကိန်း အကောင်ထည်ဖော်ရန် လူထုရှင်းလင်းပွဲများ မြို့နယ် ၆ ခုတွင် ပြုလုပ်မည်
16-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

မိုးပျံလမ်းစီမံကိန်းဆိုင်ရာပါဝင်သည့် အချက်အလက်များနှင့် လုပ်ငန်းခွင်ကြိုတင်ရှင်းလင်းခြင်းလုပ်ငန်းများနှင့် သက်ဆိုင်သည့် လူထုရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်မှ မတ်လ ၁ ရက်အထိ သက်ဆိုင်ရာမြို့နယ် ၆ ခုတွင် ပြုလုပ်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါလူထုရှင်းလင်းပွဲများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

လျှောက်လွှာ ၁၂ စောင်ထဲမှ အရည်အသွေးပြည့်မီသည့် ကုမ္ပဏီ ၁၀ ခုစာရင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ကြေညာခဲ့ပြီး ကုမ္ပဏီ ၁၀ ခုတွင် ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း-တရုတ်ဖက်စပ်ကုမ္ပဏီ၊ မြန်မာဖက်စပ်ကုမ္ပဏီများနှင့် တရုတ်ကုမ္ပဏီငါးခု ပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

စီမံကိန်းကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သည့်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မိုးပျံလမ်းစီမံကိန်းအရှည် ၄၇ ဒသမ ၅ ကီလိုမီတာရှိမည်ဖြစ်ပြီး အပိုင်း ၁ အဖြစ် အရှေ့ဘက်အခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွား ခြောက်ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာအရှည်ရှိမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စီမံကိန်းလုပ်ငန်းကို လာမည့် ၂၀၂၀ ဇူလိုင်တွင် စတင်တည်ဆောက်ရန် စီစဉ်ထားပြီး ၂၀၂၅ ခုနှစ်အထိ ၅ နှစ် စီမံကိန်းဖြင့် အမေရိကန်ဒေါ်လာ သန်း ၆၂၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါမိုးပျံတံတားစီမံကိန်းကို လက်ရှိတွင် ဆောက်လုပ်မည့်လုပ်ငန်း ၁၀ ခု ရွေးချယ်ထားပြီး လာမည့်မတ်လတွင် စီမံကိန်းရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာတင်ပြရမည်ဖြစ်ပြီး ဧပြီလတွင် ဆောက်လုပ်ခွင့်ရရှိသည့် ကုမ္ပဏီကို ထုတ်ပြန်၍ ဇူလိုင်လကုန်တွင် စတင်ဆောက်လုပ်ခွင့်ပြုသွားမည်ဖြစ်သည်။

အဆိုပါစီမံကိန်းကို ဒေါပုံတံတားမှစတင်၍ အထက်ပုဇွန်တောင်လမ်း သုဝဏ္ဏအားကစားဝင်း၊ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်း၊ အောင်မင်္ဂလာအဝေးပြေး၊ ခရေပင်လမ်းခွဲမှ အောက်မင်္ဂလာဒုံလမ်းအတိုင်း ၄၇ ဒသမ ၅ ကီလိုမီတာ တည်ဆောက်သွားမည်ဖြစ်ပြီး ၄၂ လခန့်ကြာမြင့်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

စီမံကိန်းနှင့်ပတ်သတ်၍ မလွတ်ကင်းသည့်နေရာများနှင့် ခြံဝင်းများကို ဝန်ကြီးဌာနဘက်က ညှိနှိုင်းမှုများပြုလုပ်သွားမည်ဖြစ်ပြီး အတက်နိုင်ဆုံး ဆုံးရှုံးမှုအနည်းဆုံးဖြစ်ပေါ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

J-03