News

POST TYPE

NEWS

လူ ၅၀ ကျော် ပါဝင်သော ကြက်ဝိုင်းကို ရဲဝင်ဖမ်း၊ ၄၀ ကျော် ထွက်ပြေးလွတ်မြောက်
16-Feb-2020

ဓာတ်ပုံ - တိုင်းရဲတပ်ဖွဲ့

မကွေး၊ ဖေဖော်ရီ ၁၆

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၁၅ ရက်က လူ(၅၀)ဦးခန့် ပါဝင်နေသော ကြက်ဝိုင်းလောင်းကစားပြုလုပ်နေမှုကို ရဲတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီးရာ ၄၀ ကျော် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး (၈) ဦး ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပဒါန်ကျေးရွာအနီး၊ ကျောက်တန်းလေးကန်အရှေ့တောင်ဘက် ဝါးရုံတောထဲတွင် ကြက်ဝိုင်းလောင်းကစားပြုလုပ်နေကြောင်း သတင်းရသဖြင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုရဲမှူးအောင်နိုင်ဦး ဦးဆောင်သောအဖွဲ့က နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်အတူ ဖေဖော်ဝါရီ (၁၅) ရက် ညနေပိုင်းက ဖမ်းဆီးခဲ့ရာ လူ (၅၀) ခန့် ကြက်တိုက်လောင်းကစားပြုလုပ်နေသည်ကိုတွေ့ရှိပြီး ၎င်းတို့ထဲမှ ဒိုင်လုပ်သူနှင့် စာရင်းကိုင်အပါအဝင် လူ (၈)ဦးဖမ်းဆီးမိခဲ့သည်။

ထိုအပြင် ကြက်တိုက်လောင်းကစားပြုလုပ်သည့် ကျပ်ငွေ (၅) သိန်းကျော်၊ ကြက် (၄) ကောင်နှင့် ဆိုင်ကယ် (၂၂) စီး ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ ရဲအုပ်မျိုးလွင်က ပြောသည်။

ဖမ်းဆီးရမိတဲ့သူ (၈) ဦးကို ငဖဲမြို့နယ်၊ ပဒါန်းနယ်မြေရဲစခန်းတွင် (ပ) ၁၁/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)နဲ့ အမှုဖွင့်အရေးယူထားကြောင်း ယင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၂၀၁၉ အောက်တိုဘာ (၁၈) ရက်နေ့ကလည်း မကွေးတိုင်းဝန်ကြီးချုပ်က တိုင်းရဲတပ်ဖွဲ့ကို တိုက်ရိုက်ညွန်ကြားမှုဖြင့် ရေစကြိုမြို့နယ်အတွင်း၌ ဂျင်းဝိုင်းလောင်းကစားမှု ဖမ်းမိခဲ့ပြီး၊ ထိုသို့ဖမ်းဆီးမှုတွင် ဆိုင်ကယ်စီးရေ (၁၀၀) နှင့် ကား (၇) စီး သိမ်းဆည်းမိခဲ့သော်လည်း၊ သိမ်းဆည်းရမိသည့်ယာဉ်အရေအတွက်အတိုင်း လောင်းကစားပြုလုပ်သူ အနည်းဆုံး (၁၅၀) ကျော်ရှိကြောင်းနှင့် လူဦးရေ (၁၃) ဦးသာ ဖမ်းမိခဲ့သည့်အတွက် ဒေသခံရဲတပ်ဖွဲ့ဝင်များကို တိကျစွာစစ်ဆေးရန်ညွှန်ကြားထားကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

R-10