News

POST TYPE

NEWS

ဟန်တာမြန်မာ စက်ရုံပိတ်သိမ်းမှု ဝန်ကြီးချုပ်ပြောဆိုချက်နှင့် လက်တွေ့အခြေအနေ မတူညီဟုဆို
16-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

လှိုင်သာယာစက်မှုဇုန်ရှိ ဟန်တာမြန်မာအထည်ချုပ်စက်ရုံ ပိတ်သိမ်းခြင်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရုတ်နိုင်ငံမှ ကုန်ကြမ်းမရ၍ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း လက်တွေ့အခြေအနေနှင့် တူညီမှုမရှိကြောင်း ယင်းစက်ရုံ၏အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မသန္တာဝင်းက ပြောကြားသည်။

ဟန်တာမြန်မာ အထည်ချုပ်စက်ရုံ သည် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပိတ်သိမ်းကြောင်း ရုတ်တရက် ကြေညာမှုအပြီး ဦးဖြိုးမင်းသိန်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်၍ စက်ရုံပိတ်သိမ်းသည်ဟု တိုင်းအစိုးရအဖွဲ့ရုံးရှေ့တွင် အလုပ်သမားများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

“ဝန်ကြီးချုပ်ပြောတာက ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကုန်ကြမ်းမရလို့ စက်ရုံပိတ်တယ်လို့ပြောတယ်။ ဒါပေမဲ့ စက်ရုံမှာက မပိတ်ခင်အထိ (ဖေဖော်ဝါရီ ၁၄ ရက်နေ့မတိုင်မီ) ကုန်ကြမ်းဝင်လို့ အချိန်ပိုတွေတောင် ခေါ်နေတာပဲ” ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဝန်ကြီးဒေါ်မိုးမိုးစုကြည်တို့နှင့် အလုပ်သမားများ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး အလုပ်သမားများဘက်က ဟန်တာမြန်မာစက်ရုံမှ အခြားနာမည်ဖြင့် စက်ရုံပြန်ဖွင့်ပါက အလုပ်သမားများကို ပြန်လည်ခန့်ထားပေးရန်သာ တင်ပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ဟန်တာ မြန်မာအထည်ချုပ်စက်ရုံသည် အလုပ်သမားဆန္ဒပြမှုများဖြစ်ကာ ပြေလည်မှုရရှိပြီး ၈ ရက်အကြာတွင် အလုပ်ရှင်က စက်ရုံကို ပိတ်သိမ်းတော့မည်ဟု ပြောဆိုခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက် နေ့တွင် စက်ရုံအတွင်း ဗီနိုင်းများဖြင့် Hunter Myanmar အထည်ချုပ်စက်ရုံ အား ရက်အကန့်အသတ်မရှိ ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။

စက်ရုံအလုပ်သမား သုံးရာကျော်သည် ဖေဖော်ဝါရီ ၁၄ ရက်တွင် တိုင်းဒေသကြီးအစိုးရရုံးရှေ့သို့ သွားရောက်ကာ စက်ရုံပိတ်သိမ်းခြင်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ်နှင့်တွေ့ဆုံကာ ကူညီပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အလုပ်ရှင်ဘက်က စက်ရုံကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်သဖြင့် အလုပ်သမားများအား နစ်နာကြေးအနေနှင့် လုပ်သက် ၁ နှစ်ရှိသူကို ၁ လစာ၊ လုပ်သက်ခြောက်လစာရှိသူကို ၁၅ ရက်စာ ပေးသော်လည်း အလုပ်သမားများက လက်မခံခဲ့ပေ။

ဟန်တာမြန်မာ အထည်ချုပ်စက်ရုံသည် ပြီးခဲ့သည် ဇန်နဝါရီလအတွင်း အလုပ်သမားအခွင့်အရေးရရှိလိုမှုဖြင့် အလုပ်သမားများ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး အလုပ်ရှင်အလုပ်သမားပြေလည်မှုရရှိထားသည်မှာ မကြာသေးပေ။

J-01