News

POST TYPE

NEWS

ရွှေသောင်ယံကမ်းခြေမြို့ရှိ တောင်ယာများကို တောဆင်ရိုင်းများဝင်ဖျက်
14-Feb-2020
ဓာတ်ပုံ-ဇော်မျိုးဝင်း

ပုသိမ်၊ ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်အတွင်းရှိပြီး ရခိုင်ရိုးမတောင်စွယ်နှင့် ထိစပ်နေသော ရွှေသောင်ယံကမ်းခြေမြို့ အမှတ် ၁ ရပ်ကွက်အနီးတစ်ဝိုက်ရှိ တောင်ယာစိုက်ခင်းများကို တောင်ဆင်ရိုင်းသုံးကောင် ဝင်ရောက်ဖျက်ဆီးခဲ့သဖြင့် စိုက်ခင်းအတွင်းမှ သီးပင်၊ စားပင်များ ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ 

အဆိုပါတောဆင်ရိုင်းများသည် ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစ၍ ညစဉ်လာရောက်ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ တော ဆင်ရိုင်းသုံးကောင်အနက် ယမန်နှစ်က လူကိုနင်းသတ်ခဲ့သည့် တောဆင်ရိုင်းတစ်ကောင် ပါဝင်နေသဖြင့် ဒေသခံများကြောက်ရွံ့နေပြီး တောင်ယာလုပ်ကိုင်ရန်လည်း အခက်အခဲဖြစ်နေကြောင်း ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ပြောကြားသည်။ 

“ညနေစောင်းနဲ့ ညပိုင်းဆို ဝင်လာတယ်။ နေ့ခင်းဆိုရင် တောစပ်မှာခိုနေတာကို မြင်နေရတယ်။လူကို အန္တရာယ်ပြုဖူးတော့ အဝေးကနေပဲ ခြောက်လှန့်မောင်းထုတ်နေရတော့ မထိရောက်ဘူး။ ဖျက်ဆီးခံရတာက စပါးခင်း၊ ငှက်ပျောခင်းနဲ့အုန်းပင်တွေ။ တောထဲတောင်ထဲဝင်ပြီး ထင်းခုတ်၊ မီးသွေးဖုတ်တဲ့သူတွေ သားငှက်ရှာတဲ့ သူတွေလည်း မသွားရဲမလာရဲဖြစ်နေတယ်”ဟု ၎င်းကဆက်လက်ပြောဆိုသည်။ 

ဒေသခံအုပ်ချုပ်ရေးအဖွဲ့က သတင်းပို့ထားသဖြင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဆင်မောင်းအဖွဲ့တစ်ဖွဲ့စေလွှတ်ကာ တောဆင်ရိုင်းများကို မောင်းနှင်ခဲ့သော်လည်း အင်အားမလုံလောက်သဖြင့် တောတွင်းစားကြက်များရှိရာ၊ လူနေအိမ်ခြေများနှင့်ဝေးရာသို့ မောင်းထုတ်နိုင် ရေးအတွက် အင်အားဖြည့်တင်းရန် စီစဉ်ထားသည်ဟု သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

တောဆင်များအတွက် တောတောင်များအတွင်း စားကျက်များပျောက်လာပြီဖြစ်ရာ ယခုကဲ့သို့သောရာသီတွင် ပင်လယ်နှင့်နီးသော တောင်စွယ်တောင်စောင်းများ၌ အလေ့ကျပေါက်သော ကိုင်းဘောပင်များရှိရာနှင့် တောင်ယာစပါးခင်းများ၊ ဥယျာဉ်များရှိရာသို့ အစာရှာတတ်ကြကြောင်း ဆင်ဝိုင်းရွာမှ ဆင်ဦးစီးဟောင်း ဦးဖိုးသာအောင်က ပြောကြားသည်။ 

“အစာလိုအပ်ချိန်မှာ အစာမရတော့တွေ့ရာစားတယ်ပေါ့။လူနဲ့တွေ့ရင်လည်း အစာအတွက် ရန်မူတတ်တယ်၊ ကြောက်လန့်ပြီးလည်း ရန်မူတတ်တယ်။ မုဆိုးရန်ကြောင့်လည်း လူတွေနဲ့အနီးဆုံးနေရာကို ရောက်လာတတ်တယ်။ဒါပေမဲ့ တောဆင်ရိုင်းဆိုပြီး သတ်ခွင့်မရှိဘူး၊ ဖမ်းခွင့်မရှိဘူး” ဟု ၎င်းကရှင်းပြသည်။ 

ရခိုင်ရိုးမတောင်စွယ်နှင့် တစ်ဆက်တစ်စပ်တည်းရှိနေသည့် ဧရာဝတီတိုင်းအတွင်းမှ တောတောင်များတွင် တောဆင်ရိုင်း ၂၀ဝ ကျော် လှည့်လည်ကျက်စားနေပြီး တောဆင်ရိုင်းနင်း၍ သေဆုံးမှု၊ တောဆင်ရိုင်းဖျက်ဆီးမှုနှင့် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု နှစ်စဉ်နှစ်တိုင်းဖြစ်ပေါ်နေသဖြင့် ဧရာဝတီတိုင်းအတွင်း ဘေးမဲ့တောဇုန် တည်ထောင်သင့်ကြောင်း လှပသောမြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဦးမြင့်အောင်က အကြံပြုပြောဆိုသည်။ 

R-04