News

POST TYPE

NEWS

တနင်္သာရီဂျာနယ်အမှု တိုင်းတရားလွှတ်တော် ပလပ်
14-Feb-2020


ထားဝယ်၊ ဖေဖော်ဝါရီ ၁၄

မဲဆွယ်အပြုံးသရော်စာဖော်ပြမှုကြောင့် အသရေဖျက်မှုမြောက်သည်ဆိုကာ ဒဏ်ငွေ ၅ သိန်းချမှတ်ခံရသော တနင်္သာရီဂျာနယ်၏ပြင်ဆင်ချက်လျောက်ထားမှုကို တိုင်းတရားလွတ်တော်က ပလပ်လိုက်ကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်တွင်) အမိန့်ချမှတ်လိုက်သည်။

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့်ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးသရော်စာသည် တနင်္သာရီတိုင်းဝန်ကြီးချုပ် (ဟောင်း) နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ ၂၀၁၇ နိုဝင်ဘာလက တရားစွဲဆိုခဲ့သည့်အမှု ဖြစ်သည်။

ထားဝယ်မြို့နယ်တရားရုံးက တနင်္သာရီဂျာနယ်တွင်အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေ ကျပ် ၅ သိန်းပေးဆောင်ရန်  ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက အမိန့်ချမှတ်ခဲ့ရာမြို့နယ်တရားရုံး၏ အမိန့်ချမှတ်မှုအပေါ် ခရိုင်တရားရုံးထံ အယူခံတင်သွင်းရာ ခရိုင်တရားရုံးကလည်း ပလပ်သည့် အမိန့်ချခဲ့သည်။

ထိုနောက် တနင်္သာရီဂျာနယ်ဘက်က ၂၀၁၉ ခုနှစ် ဇွန်လတွင် တိုင်းတရားလွှတ်တော်ထံ ရာဇဝတ်ပြင်ဆင်မှု ထပ်မံလျှောက်ထားရာ တိုင်းတရားလွှတ်တော်က ရာဇဝတ်ပြင်ဆင်မှုအမှတ် ၃၉/၂၀၁၉ ဖြင့် လက်ခံခဲ့ပြီးနောက်၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၈ ရက်က အပြီးသတ် လျှောက်လဲချက်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။



မြို့နယ်တရားရုံးတွင် စစ်ဆေးစဉ်က တနင်္သာရီဂျာနယ်ဘက်မှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး ၁ ဦးမြင့်ကျော်၊ သရော်စာ စာရေးဆရာဗြိတိသျှကိုကိုမောင်အပါအဝင် တရားခံပြသက်သေ ၇ ဦးက ထွက်ဆိုထားသည်။

တရားလိုဘက်မှ တိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၏ ယာဉ်မောင်းဖြစ်သူ ဦးအောင်ကျော်စိုး၊ NLD ပါတီ ထားဝယ်ခရိုင်တွဲဖက်အတွင်းရေးမှူး ဒေါ်အေးအေးမိုး အပါအဝင်တရားလိုပြသက်သေ ၃ ဦးက ထွက်ဆိုထားသည်။

တနင်္သာရီဂျာနယ်၏ ပြင်ဆင်မှုလျှောက်ထားသည့်အပေါ် တိုင်းတရားလွှတ်တော် တရားသူကြီး ဦးခင်မောင်မောင်က လက်ခံကြားနာစစ်ဆေးခဲ့ခြင်းဖြစ်သည်။

တနင်္သာရီဂျာနယ်အား တရားစွဲဆိုခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်မှာ လက်ရှိတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ခံထားရပြီး ထားဝယ်အကျဉ်းထောင်တွင် ဖမ်းဆီးထားကာ တိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားသူကြီး ဦးခင်မောင်မောင်ကပင် စစ်ဆေးနေသည်။

Dawei Watch