News

POST TYPE

NEWS

ပလက်ဝ - ကျောက်တော် ပြေးဆွဲသည့်စက်လှေများ ရပ်နား
14-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းသို့ ကုလားတန်မြစ်တစ်လျှောက်ပြေးဆွဲနေသည့် စက်လှေလိုင်းများမှာ တိုက်ပွဲများကြောင့် ရပ်နားထားရကြောင်း ပလက်ဝမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးထွန်းလင်းက The Voice Daily သို့ ပြောကြားသည်။

တိုက်ပွဲများကြောင့် ပလက်ဝနှင့် ကျောက်တော်သို့ ပြေးဆွဲနေသည့် စက်လှေများ ပြေးဆွဲနိုင်ခြင်းမရှိသည်မှာ လေး၊ ငါးရက်ခန့်ရှိပြီဖြစ်ပြီး စက်လှေလိုင်းများအနေနှင့် တိုက်ပွဲဖြစ်ပွားမည့် အခြေအနေကို ကြိုတင်မသိနိုင်သည့်အတွက် မပြေးဆွဲကြခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

"တိုက်ပွဲဖြစ်လို့ မလာရဲဘူးပေါ့။ကုလားတန်မြစ်ကြောတစ်လျှောက် ဘယ်နေရာတိုက်ပွဲဖြစ်မလဲမသိတော့ သူတို့ စက်လှေလိုင်းတွေ အားလုံးရပ်နားထားရတာပေါ့။ပလက်ဝနဲ့ ကျောက်တော်ကို ပြေးနေတာ တစ်လိုင်းပဲရှိပါတယ်။ အသွားအပြန် အစုန်အဆန်ပြေးနေတာ ရှိပါတယ်"ဟု ၎င်းကဆိုသည်။

ပလက်ဝမြို့ဒေသခံများအနေနှင့် စားနပ်ရိက္ခာများဝယ်ယူရန်နှင့် အခြားမြို့များသို့ ကူးသန်းသွားလာရေးအတွက် ပလက်ဝ-ကျောက်တော် ရေယာဉ်လိုင်းတစ်ခုကိုသာ အဓိကအသုံးပြုသွားလာနေရပြီး လက်ရှိအခြေအနေအရ အဆိုပါရေယာဉ်လိုင်းများ မသွားလာနိုင်သည့်အတွက် ဆန်နှင့်ရိက္ခာများ ဝယ်ယူရေးခက်ခဲနေကြောင်း ပလက်ဝဒေသခံတစ်ဦးက ပြောကြားသည်။

"ပလက်ဝက ချင်းတောင်ပိုင်းအစွန်မြို့ဖြစ်တဲ့အတွက် ဆန်ဝယ်တာပဲဖြစ်ဖြစ်၊ တခြားမြို့တွေကို သွားတာပဲဖြစ်ဖြစ် ကျောက်တော်က ဆင်းပြီးသွားရတာ။အခုက ရေလမ်းလည်းသွားလို့မရ။ ကုန်းလမ်းကလည်း ပိုဆိုးတဲ့အခြေအနေဆိုတော့ ဒုက္ခတွေရောက်နေတာပေါ့။ စက်လှေလိုင်းက ပုံမှန်ဆို အစုန်၊ အဆန်နှစ်စင်း နေ့စဉ်ပြေးပေးနေတာရှိတယ်။ကျောက်တော်ဈေးကို ပုံမှန်ဝယ်နေတဲ့လူတွေရှိတယ်။ အခုသွားမရတော့ အခက်အခဲတွေ့နေတာပေါ့" ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီလဆန်းပိုင်းကလည်း ကျောက်တော်-ပလက်ဝသွားသည့် စက်လှေတစ်စင်းကို AA လက်နက်ကိုင်အဖွဲ့က တားဆီးကာ စက်လှေပေါ်တွင်ပါလာသည့် ရဲတပ်ဖွဲ့ဝင်များ၏ လစာငွေများကို သိမ်းဆည်းသွားခဲ့သည်။

S-04