News

POST TYPE

NEWS

ပုသိမ်ဒေသထွက် ရိုးရာစဉ့်အိုးလုပ်ငန်း ပျောက်ကွယ်
13-Feb-2020


ပုသိမ် ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက် ကမ်းနားလမ်း စဉ့်အိုးဘိုရပ်တွင် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့သည့် စဉ့်အိုး ထုတ်လုပ်သည့်လုပ်ငန်းမှာ ၂ နှစ်တာ ကာလအတွင်း ကွယ်ပျောက်သွားပြီဖြစ်ကြောင်း စဉ့်အိုးနှင့် မြေဖြင့်ပြုလုပ်သော အိုးအမျိုးမျိုး ထုတ်လုပ်သူများထံမှ သိရသည်။

ပလတ်စတစ်၊ ကော်နှင့်ဖိုက်ဘာအိုးများ အစားထိုးဝင်လာသဖြင့် စဉ့်အိုးရောင်း ဝယ်ရေးဈေးကွက်ပျက်သွားခြင်း၊ နေ့စဉ် ပုံမှန်ဝင်ငွေရသည့် လုပ်ငန်းမဟုတ်ခြင်း၊ လူငယ်မျိုးဆက်များအနေနှင့် ယင်းလုပ်ငန်းနှင့်ပညာရပ်အပေါ် စိတ်ဝင်စားမှုနည်းလာပြီး စဉ့်အိုးပုံသွင်းနိုင်သူတစ်ဦးသာ ကျန်ရှိခြင်းတို့ကြောင့် မြန်မာ့ရိုးရာလက်မှုပညာတစ်ခုဖြစ်သော စဉ့်အိုးလုပ်ငန်း ကွယ်ပျောက်သွားခြင်းဖြစ်ကြောင်း စဉ့်အိုးနှင့်မြေဖြင့်လုပ်သော အိုးအမျိုးမျိုးထုတ်လုပ်သည့်လုပ်ငန်းကို ဘိုးဘွားစဉ်ဆက်လုပ်ကိုင်ခဲ့သူများက ပြောဆိုသည်။

“အရင်တုန်းက အိုးဖို ၄၀ ကျော် ရှိတာမှာ စဉ့်အိုးဖုတ်တဲ့အိုးဖိုက ၂၀ ကျော်တယ်။ ခုတော့ စဉ့်အိုးဖုတ်တာ တစ်ဖိုမှ မရှိတော့ဘူး၊ ပန်းအိုး၊ အတာအိုး၊ စဉ့်အင်တုံ၊ သောက်ရေအိုး၊ အိုးပုတ်၊ ချိုးရုပ်နဲ့ စဉ့်ငရုတ်ဆုံ ဖုတ်တဲ့ အိုးဖို ၅ ဖို လောက်ပဲရှိတော့တယ်၊ အရင်တုန်းကတော့ လုပ်ငန်းကောင်းတယ်၊ ခုတော့မကောင်းတော့ဘူး၊ ဒီလိုဖြစ်တာ မှတ်မိသရွေ့ ပြောရရင် ၁၉၉၆ ခုနှစ်ကတည်း လောက်ကစပြီး လျော့ကျလာတာ”ဟု အိုးအမျိုးမျိုးထုတ်လုပ်သည့် လုပ်ငန်းကို ဘိုးဘွားစဉ်ဆက်လုပ်ကိုင်ခဲ့သူ ဒေါ်ချိုသဲက The Voice သို့ ပြောကြားသည်။

အိုးလုပ်ငန်းကို မိသားစုလုပ်ငန်း အဖြစ်လုပ်ကြပြီး အများစုမှာ အမျိုးသမီးများဖြစ်ကြောင်း၊ လက်ရှိတွင်ပုံမှန်ဝင်ငွေ မရသည့် အိုးလုပ်ငန်းကို မလုပ်တော့ဘဲ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆန်စက်၊ ဆားစက်၊ အထည်ချုပ်စက်ရုံ၊ ကုမ္ပဏီဝန်ထမ်းနှင့် ပုံမှန်ဝင်ငွေရရှိသည့် ကျပန်း လုပ်ငန်းများကိုသာ လုပ်ကိုင်တော့သည်ဟု ၎င်းက ပြောဆိုသည်။

ငရုတ်ဆုံ၊ အင်တုံနှင့်ပန်းအိုးထုတ်လုပ်သည့်လုပ်ငန်းတွင် အဓိကအလုပ်သမား ၃ ဦး ပါဝင်ပြီး အိုးပုံဖော်သူမှာ တစ်နေ့လျှင် လုပ်အားခ ၆၀၀၀ ကျပ်ခန့် ရရှိကာ နောက်လိုက်နှစ်ဦးမှာ တစ်ရက်လျှင် လုပ်အားခ ၃၅၀၀ ကျပ်သာရရှိကြောင်း အိုးလုပ်ငန်း အလုပ်သမများထံမှ သိရသည်။

“အစိုးရက စဉ့်လုပ်ငန်းမပျောက် ကွယ်သွားဖို့ ငွေကြေးကူညီပံ့ပိုးပေးမယ်ပြောတယ်။ အဓိကလိုအပ်နေတာက ငွေကြေးထောက်ပံ့မှုထက် ဈေးကွက်ပဲ။ ဈေးကွက်ပျောက်သွားလို့ ကျွဲကူးရေပါ ဆိုသလို ပညာရှင်တွေက မရှိတော့ဘူး။ စဉ့်အိုးအမှာတွေရှိရင် ကျောက်မြောင်း (စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီး) နဲ့ တွံတေးကနေ မှာပြီးရောင်းနေရတယ်။ ဈေးကွက်မရှိတော့ လုပ်ငန်းရှင်က လုပ်ခတိုးပေးဖို့ မတတ်နိုင်ပြန်ဘူး”ဟု အိုးအမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးထွန်းရီက ပြောဆိုသည်။

အိုးဖုတ်သည့်လုပ်ငန်းအတွက် စဉ့်ချော်များကို ကျောက်မြောင်းနှင့် တွံတေးတို့မှဝယ်ယူရပြီး ရွှံ့စေး၊ ထင်း၊ ဝါးတို့ကို ဒေသတွင်းမှ အလွယ်တကူရရှိကြောင်း၊ ယခင်က ပုသိမ်မြို့မှထုတ်လုပ်သော စဉ့်အိုးများကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအတွင်းရှိ ၂၆ မြို့နယ်တို့၌ တွင်တွင်ကျယ်ကျယ် ရောင်းချခဲ့ရသော်လည်း လက်ရှိတွင် စဉ့်ငရုတ်ဆုံကိုသာ အများဆုံး တင်ပို့ရောင်းချနေရကြောင်း ပုသိမ်မြို့ရှိ မြေဖြင့်လုပ်သော အိုးအမျိုးမျိုး လက်လီလက်ကားရောင်းချသူများထံမှ သိရသည်။

R-04/R-15