News

POST TYPE

NEWS

ငြိမ်းချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည်ဟု ဒုတိယသမ္မတ ပြောကြား
02-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၁ 

တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းအတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပသော သွေးချင်းတို့ရဲ့ပွဲတော်ဆီပွဲတော်မုခ်ဦးဖွင့်ပွဲနှင့် တိုင်းရင်းသားရိုးရာ ပြခန်းများဖွင့်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

“မြန်မာနိုင်ငံဟာ တိုင်းရင်းသားများစွာနဲ့ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံတော်ဖြစ်တဲ့အတွက် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ တိုင်းရင်းသားများနဲ့ စည်းလုံးညီညွတ်မှုဟာ နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာဖြစ်သလို ငြိမ်းချမ်းမှသာ တစ်နိုင်ငံလုံး ဘယ်ဒေသမှမကျန်ခဲ့စေဘဲ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားအချင်းချင်း မတူကွဲပြားသည့်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ပိုမိုသိရှိနားလည်ပြီး ရင်းနှီးချစ်ခင်မှု တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ယင်းချစ်ခင်ယုံကြည်မှုမှသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြောကြားသည်။

“ဓလေ့ထုံးစံ၊ ကိုးကွယ်တဲ့ဘာသာ၊ ယဉ်ကျေးမှု၊ ယုံကြည်မှုမတူညီကြပေမယ့် အရေးကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးကိစ္စကို မေတ္တာတရားရှေ့ထားပြီးတော့ တစ်ဖက်နဲ့ တစ်ဖက် ဆွေးနွေးမယ်၊ တစ်ဖက်နဲ့တစ်ဖက် စကားပြောကြမယ်၊ တစ်ဖက်နဲ့တစ်ဖက် လက်တွဲပြီးတော့ အိမ်တစ်အိမ်ကို တိုးတက်အောင်လုပ်သလို တိုင်းပြည်ကို တိုးတက် အောင်လုပ်မယ်ဆိုရင် ကျွန်တော်ရဲ့ အခိုင်မာဆုံးသောယုံကြည်ချက်က မကြာခင်မှာဘဲ အားလုံးသည် သွေးစည်းညီညွတ်ပြီးတော့ တိုးတက်တဲ့နိုင်ငံတစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလှကိုယ်စီရှိကြပြီး တိုင်းရင်းသားလူမျိုးများတွင်လည်း ၎င်းတို့လူမျိုးစုအလိုက်၊ မျိုးနွယ်စုအလိုက် အလှကိုယ်စီရှိကြကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးရှိ အလှများဖြင့် ပြည်ထောင်စုကြီးကို တည်ဆောက်ကြရန်လိုအပ်ပါကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုက်တွန်းပြောကြားသည်။

S-08