News

POST TYPE

NEWS

မန္တလေးသို့လွှဲပြောင်းရန် ပြင်ဆင်နေသော ဖျားနာ ချောင်းဆိုးလူနာတစ်ဦး မိတ္ထီလာဆေးရုံမှ ထွက်ပြေး
30-Jan-2020


မိတ္ထီလာ၊ ဇန်နဝါရီ ၃၀

မိတ္ထီလာမြို့ အထွေထွေဆေးရုံသို့ရောက်လာသော သံသယရှိဖွယ် အဖျားနှင့် ချောင်းဆိုးလူနာ အမျိုးသားတစ်ဦးကို မန္တလေးမြို့ရှိ သက်ဆိုင်ရာ ဆေးရုံသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးရန်စီစဉ်နေစဉ် ၎င်းအမျိုးသားက ငြင်းဆန်ပြီး ယနေ့ ညနေ (၄ : ၃၀) အချိန်တွင် ဆေးရုံမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း မိတ္ထီလာ အထွေထွေရောဂါကုဆေးရုံကြီး ပြင်ပလူနာဌာနမှ စုံစမ်းသိရှိရသည်။

“တာဝန်ရှိတဲ့သူတွေက သူ့ရဲ့ မိသားစုဝင်တွေကို ဖြောင်းဖြနေချိန်မှာ လူနာအမျိုးသားက အော်ဟစ်ငြင်းဆန်ပြီး ဓါတ်မှန်ကိုပါဖြဲပြီး ထွက်ပြေးသွားတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

မိတ္ထီလာမြို့နယ် ပျဉ်သာကျေးရွာတွင် နေထိုင်သော အသက် (၄၂) နှစ်အရွယ် အမျိုးသားဖြစ်ပြီး တရုတ်နိုင်ငံတွင် သွားရောက်ကာ အလုပ်လုပ်ကိုင်နေရာမှ ဇန်နဝါရီလ (၁) ရက်နေ့တွင် မန်စီ ဆင်ဖြူတော်ဂိတ်မှတစ်ဆင့် နေရပ်သို့ပြန်လာခြင်းဖြစ်ကြောင်း ယင်းအမျိုးသားသည် တီဘီရောဂါဖြစ်ခဲ့ဖူးကြောင်း မိသားစုဝင်များက ပြောဆိုသည်။

“ချောင်းဆိုးလို့ ဓာတ်မှန်ရိုက်ပြီး လာပြလိုက်တာ။ ဆေးရုံကနေ ဆယ့်လေးရက်ကြီးသွားဖို့ရာ စားဝတ်နေရေးက အဆင်မပြေဘူး"ဟု ၎င်းက ဆိုသည်။

ဆေးရုံမှ ထွက်ပြေးသော လူနာသည် ဇန်နဝါရီလ (၂၀) ရက်နေ့က ပြင်ပတွင် ဓာတ်မှန်ရိုက်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် မိတ္ထီလာမြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့လာရောက်ကာ ကုသမှုခံယူခြင်းဖြစ်ပြီး အထူးကုဆရာဝန်ကြီးများက စစ်ဆေးခဲ့ရာ ယင်းသို့ စစ်ဆေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချမှတ်ထားသော အချက်အချို့နှင့် ကိုက်ညီနေသဖြင့် မိသားစုဝင်များကိုပါ နှစ်သိမ့်ပြောဆိုပြီး မန္တလေးမြို့သို့ ဆက်လက်လွှဲပြောင်းစစ်ဆေးရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း။

အဆိုပါ လူနာမှာ ကိုရိုနာဗိုင်းရပ် သံသယလူနာ ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးကြောင်း မိတ္ထီလာမြို့ဆေးရုံမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောကြားသည်။

အဆိုပါ လူနာကိစ္စကို ကိုင်တွယ်ဖြေရှင်းရေးနှင့်ပတ်သက်၍ မိတ္ထီလာဆေးရုံကြီး ပြင်ပလူနာဌာနတွင် ရောက်ရှိနေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦး ဝင်းလှိုင်ကို မေးမြန်းရာတွင် “လူနာပို့ဖို့ လုပ်နေတယ်။ ကျွန်တော်တို့မှာ ပြဿနာဖြစ်နေတယ်။ နောက်မှမေးပါ" ဟု ပြန်လည်ဖြေကြားသည်။

ယင်းသို့ လူနာထွက်ပြေးသွားခြင်းမှာ အခြားလူများအတွက်ပါ ဒုက္ခဖြစ်စေနိုင်သဖြင့် အဆိုပါ အမျိုးသားနေထိုင်သောရွာမှ ကျန်းမာရေးမှူးကို လှမ်း၍ဆက်သွယ်ထားသည်ဟု မိတ္ထီလာမြို့အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ အိအိခင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံရှိ တာဝန်ရှိဝန်ထမ်းများကို ပြောကြားနေသည်ကို မြင်တွေ့ခဲ့ကြောင်း ပြင်ပလူနာဌာနတွင် ရောက်ရှိနေသူ အမျိုးသားတစ်ဦးက The Voice သို့ ဆက်သွယ်အသိပေးပြောကြားသည်။

R-01