News

POST TYPE

NEWS

ဝူဟန်မြို့မှ ခရီးသည်များ လည်ပတ်ခဲ့သည့်နေရာများကို စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်မည်
29-Jan-2020


မန္တလေး ဇန်နဝါရီ ၂၉

မန္တလေးမြို့သို့ လာရောက်လည်ပတ်ခဲ့သည့် တရုတ်နိုင်ငံ ဝူဟန်မြို့မှ ခရီးသည်များ သွားလာခဲ့သည့် နေရာများတွင် ဝူဟန်ဗိုင်းရပ် ရောဂါ ကူးစက်ခြင်း ရှိမရှိ စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သော ဝူဟန်ဗိုင်းရပ် ကြိုတင်ကာကွယ်ရေးဆိုင်ရာအစည်းအဝေး၌ ဦးဇာနည်အောင်က ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ပြီးခဲ့တဲ့ ည(ဇန်နဝါရီလ ၂၈ ရက်နေ့)က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)မှ ဝူဟန်မြို့ကနေ မန္တလေးမြို့ကို လာရောက်လည်ပတ်တဲ့ တရုတ်ခရီးသည်တွေကို တရုတ်အစိုးရက အထူးလေယာဉ်နဲ့ ပြန်ခေါ်သွားပါတယ်။ ဒီတရုတ်နိုင်ငံသားတွေ လည်ပတ်ခဲ့တဲ့နေရာတွေမှာ အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်စေချင်တယ်ဟု၄င်းက ဆက်လက်ပြောကြားသည်။

မြန်မာကျောင်းသား ၆၀ ပြန်လာရန်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ကြိုဆိုရမှာ ဖြစ်တယ်။ သူတို့တွေကို အဖျားရောဂါ ရှိ မရှိ ၁၄ ရက်တာ စောင့်ရှောက်မှုပေးဖို့လည်း ပြင်ဆင်ထားပါတယ်ဟု အဆုတ်ရောဂါစောင့်ကြည့်စစ်ဆေး ကုသရေးကြီးကြပ်မှုကော်မတီ-မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောကြားသည်။

မိမိတို့ဋ္ဌာနအနေနှင့် ဝူဟန်ဗိုင်းရပ်ကာကွယ်ရေးလုပ်ငန်းကို မန္တလေးလေဆိပ်၊ ညောင်ဦးလေဆိပ်တို့တွင် ဆောင်ရွက်နေသလို ဇန်နဝါရီလ ၂၉ ရက်နေ့မှစတင်ကာ ပြင်ဦးလွင်မြို့တွင် သာမိုဂမ်းများဖြင့် အပူချိန်တိုင်းတာ စောင့်ကြည့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆုတ်ရောဂါစောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ-မန္တလေးတိုင်းဒေသကြီး (Surveillance and Respond Team SRT) အတွင်းရေးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောကြားသည်။

ဝူဟန်ဗိုင်းရပ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန်အတွက် တာဝန်ကျကျန်းမာရေးဝန်ထမ်းများ၏ အခက်အခဲမျာကိုလည်း အကူအညီပေးသင့်ကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် အောင်မြေသာစံမြို့နယ်ကိုယ်စားလှယ်ဒေါက်တာကျော်ဦးက မှတ်ချက်ပြုသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ မြန်မာကျောင်းသား ၆၀ အား မြန်မာနိုင်ငံသို့ မန္တလေးမှတဆင့် ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် ပေကျင်းမြို့ မြန်မာသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးအနေဖြင့်လည်း တရုတ်ပြည်သူသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပို့ဆောင်ရန်အခြေအနေ အတည်ပြုပြီးပါက အကြောင်းပြန်ကြားပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ပြောကြားထားသည်။

ဝူဟန်ဗိုင်းရပ်ခေါ် ကိုရိုနာဗိုင်းရပ်ရောဂါကူးစက်မှုမှ ကာကွယ်ရန် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားနေရသောသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူထူထပ်သော နေရာများကို သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ မကြာခဏဆေးကြောရန်၊ နှာချေ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံစွာဖုံးအုပ်ထားရန်၊ အထူးသဖြင့် ဘတ်စ်ကားစီးစဉ် အခြားသူများထံသို့ ရောဂါမကူးစက်ရန် သတိပြုရန်နှင့် တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်၊ အသားငါးများကို သေချာစွာချက်ပြုတ်စားသောက်ရန်နှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်၍ ကောင်းစွာအိပ်စက်အနားယူရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

M-01