News

POST TYPE

NEWS

ဝူဟန်နမိုးနီးယားကြောင့် ဘေဂျင်းတွင် ပထမဆုံးလူသေဆုံးမှုက တစ်ကမ္ဘာလုံးကို တပ်လှန့်၊ သေဆုံးသူဦးရေ ၁၀ဝ ကျော်သို့ရောက်
29-Jan-2020


ဘေဂျင်း၊ ဇန်နဝါရီ ၂၈ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦး မြို့တော်ဘေဂျင်း၌ သေဆုံးသည့်သတင်းထွက်ပေါ်လာရာ ယင်းဖြစ်ရပ်သည် အဆိုပါ ရောဂါအဓိကဖြစ်ပွားနေသော ဗဟိုချက်ဖြစ်သည့် ဝူဟန်မြို့အပြင်ဘက်တွင် ပထမဆုံး ဝူဟန်နမိုးနီးယားကြောင့် လူသေဆုံးမှုဖြစ်ကြောင်း၊ အဆိုပါသတင်းသည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ တပ်လှန့်မှုတစ်ရပ်ဖြစ်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လယ်ပိုင်း နောက်ဆုံးရရှိသောသတင်းများအရ တရုတ်ပြည်တွင် အဆိုပါဝူဟန်နမိုးနီးယားကြောင့် သေဆုံးသူ ၁၀၆ ဦးနှင့် ကူးစက်ဖြစ်ပွားနေသူ ၄၀ဝ၀ ကျော်ခန့်ရှိသွားပြီ ဖြစ်သည်။ 

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော အခြားနိုင်ငံပေါင်း တစ်ဒါဇင်ကျော်ခန့်ရှိသည်။ယင်းတို့အနက် ကနေဒါနှင့်  သီရိလင်္ကာတို့ကလည်း ယင်းဗိုင်းရပ်စ်ကူးစက်ခံရမှုများရှိသည်ဟု အတည်ပြုခဲ့သည်။ 

တရုတ်ပြည်တွင်မူ စီးပွားရေးလုပ်ငန်းအများစုက ဝန်ထမ်းများအနေနှင့် လုပ်ငန်းခွင်(ရုံး)သို့မလာဘဲ နေအိမ်မှနေကာ အလုပ်လုပ်ကြရန် ညွှန်ကြားထားသည်။ 

လူမှုကွန်ရက် Facebook ကလည်း ၎င်း၏ ဝန်ထမ်းများအနေနှင့် တရုတ်ပြည်သို့ သွားရောက်လည်ပတ်မှုမပြုဘဲနေကြရန်  သတိပေးချက်ထုတ်ပြန်လိုက်သည်။ 

တရုတ်အစိုးရက ဝူဟန်မြို့အပါအဝင် ဟူဘေးပြည်နယ်ရှိ ယင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေသော အခြားမြို့များကို အဝင်-အထွက် ပိတ်ကာ သီးခြားခွဲထားခြင်းဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ထားသည်။ 

ထို့ပြင် တရုတ်နှစ်သစ်ကူးကာလရုံးပိတ်ရက်များကိုလည်း အစိုးရက ဇန်နဝါရီ လ ၃၀ ရက်နေ့အထိ တိုးမြှင့်လိုက်သည်။ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် က ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရာတွင် လိုအပ်သည့် အကူအညီမှန်သမျှကို ပေးအပ် သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံကို ကမ်းလှမ်းပြောဆိုထားသည်။ 

တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော အသက်အငယ်ဆုံးလူနာမှာ ကိုးလသားအရွယ်သာရှိသေးကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။ 

AFP သတင်းဌာနဖော်ပြချက်အရ ဝူဟန်ရှိဆေးရုံများတွင် တိုးချဲ့ဆောင်များ ထပ်မံတိုးမြှင့် ဆောက်လုပ်လျက်ရှိပြီး များပြားလာသော လူနာများကို ကုသရန်ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။ 

သီးသန့်ခွဲထားခံရသလိုဖြစ်နေသည့် ဝူဟန်မြို့တွင် မြို့ခံပြည်သူများက နေအိမ်ပြတင်းပေါက်များမှထွက်ကာ 'သွားတော့ ဝူဟန်' ဟုအော်ဟစ်ကြသည်ကို လူမှုကွန်ရက်ပို့စ်များမှတစ်ဆင့် တွေ့မြင်ရသည်။ 

“တစ်နေ့ပြီးတစ်နေ့ ကျွန်တော်ပိုပြီး စိုးရိမ်လာတယ်”ဟု ဝူဟန်တက္ကသိုလ်တွင် မာစတာတန်းတက်နေသည့် အသက် ၃၂  အရွယ်ရှိ ဗီယက်နမ်ကျောင်းသားတစ်ဦးက ပြောကြားသည်။ 

ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်ပြည်ကိုကုန်သွယ်ရေးအရ များစွာမှီခိုအားထားနေရသော မွန်ဂိုလီးယားကမူ  တရုတ်နယ်စပ်ဂိတ်များကို ပိတ်လိုက်ပြီဖြစ်သည်။ 

မလေးရှားနိုင်ငံကလည်း ဟူဘေး ပြည်နယ်ကလာမည့် မည်သူ့ကိုမဆို ဝင်ရောက်ခွင့်မပြုတော့ပေ။တူရကီနှင့် ဂျာမနီ တို့က အရေးကြီးအကြောင်းအရာတစ်စုံတစ်ရာမရှိဘဲ တရုတ်ပြည်သို့မသွားရောက်ရန် နိုင်ငံသားများကို သတိပေးချက်ထုတ်ပြန်ထားသည်။     

F-01