News

POST TYPE

NEWS

ရှစ်နှစ်အရွယ်မိန်းကလေးကို မုဒိမ်းကျင့်ခဲ့သူအား ထောင်ဒဏ် နှစ် ၃၀ ပြစ်ဒဏ်ချ
29-Jan-2020
မန္တလေး၊ ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်အတွင်း နေထိုင်သူ အသက် ရှစ်နှစ်အရွယ်မိန်းကလေးကို ခေါ်ဆောင် အဓမ္မပြုကျင့်ခဲ့သူ အမျိုးသားကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြင်ဦးလွင်ခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၃၀ ပြစ် ဒဏ်ချမှတ်ခဲ့သည်။

ယင်းပြစ်မှုကျူးလွန်သူအမျိုးသားကို အပြင်းအထန်နာကျင်စေမှုအရ ၅ နှစ်၊ ခိုးမှုအရ ၅ နှစ် ၊ သက်ငယ်မုဒိမ်းကျူးလွန်မှုအရ နှစ် ၂၀၊ စုစုပေါင်း နှစ် ၃၀ ပြစ်ဒဏ်ချခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် တရားရုံးထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ၄၈ လမ်း မက္ခရာလမ်းနှင့် တပင်ရွှေထီးလမ်းကြား၊ စက်မှုဇုန် (၂)၊ (ဈ) ရပ်ကွက်တွင် အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် တင်ခေါ်သွားကြောင်း CCTV မှတ်တမ်းအရ မသင်္ကာစရာတွေ့ရှိရသဖြင့် ဖခင်ဖြစ်သူဦးသန့်ဇင်ဦးက စက်မှုနယ်မြေရဲစခန်းတွင် လူပျောက်တိုင်တန်းခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက် နေ့က မန္တလေး-ပြင်ဦးလွင်အတက်ကားလမ်း၊ မိုင်တိုင်အမှတ်၂၇/၇၊ ပြင်စာ ကျေးရွာအနီး တောစပ်တွင် အဓမ္မပြုကျင့်ခံရဖွယ်ရှိသည့်လက္ခဏာနှင့် ရိုက်နှက်ထားသည့် ဒဏ်ရာများနဲ့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်အရ ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ကျူးလွန်သည်ဟု သံသယရှိသူ သီဟနိုင် (ခ) အသေးလေး ကို ဖမ်းဆီးရမိသည်။

ပြစ်မှုကျူးလွန်သူ သီဟနိုင် (ခ) အသေးလေးကို ပြင်ဦးလွင်မြို့နယ် ပြင်စာနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ၊ မုဒိမ်းမှုပုဒ်မ ၃၇၆၊ နာကျင်စေမှုပုဒ်မ ၃၂၅၊ လူခိုးမှုပုဒ်မ ၃၆၃ တို့ဖြင့် ၂၀၁၉ ခုနှစ် မတ်လမှစတင်ကာ ပြင်ဦးလွင်ခရိုင် တရားရုံးတွင် စစ်ဆေးခဲ့သည်။

M-01