News

POST TYPE

NEWS

ပဲခူးစက်မှုဇုန်သို့ နှစ်ကူးပြန် တရုတ်ဝန်ထမ်းများကို သီးခြားစောင့်ကြည့် စစ်ဆေးမည်
29-Jan-2020


တောင်ငူ၊ ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် စက်မှုဇုန် စက်ရုံအလုပ်ရုံများတွင် တာဝန်ထမ်းဆောင်နေပြီး နှစ်ကူးချိန်တရုတ်ပြည် ပြန်သွားသည့် တရုတ်လူမျိုးများပြန်ဝင်လာချိန် သီးခြားစောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာဧငြိမ်းက ပြောကြားသည်။

“နှစ်ကူးပြန်သွားတဲ့ တရုတ်လူမျိုး လေးရာကျော်လို့ စက်မှုဇုန်တာဝန်ရှိသူတွေဆီက သိရတယ်။ သူတို့ပြန်ဝင်လာချိန် သီးခြားခွဲထုတ်ပြီး စောင့်ကြည့်တာ၊ စစ်ဆေးတာမျိုး လုပ်မယ်။ မသင်္ကာရင် သွေးအဖြေ ရန်ကုန်ဓာတ်ခွဲခန်းပို့တာမျိုးလုပ်မယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လတ်တလောတွင် ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ပဲခူးမြို့နယ် ခုတင် ၅၀၀ ဆံ့ဆေးရုံကြီးတွင် သီးခြားအဆောင်တစ်ခုကို ပြင်ဆင်ထားသည့်အပြင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူ များက စာသင်ကျောင်းများတွင် အသိ ပညာပေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ပေးနေသည်ဟုဆိုသည်။

ဇန်နဝါရီ ၂၇ ရက်မွန်းလွဲပိုင်းကလည်း ပဲခူးမြို့နယ် ဥဿာမြို့သစ် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် Novel Coronavirus (ကူးစက်မြန် အဆုတ်ရောင် ရောဂါ) ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းအစီအမံများညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်ဟု ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးက ထုတ်ပြန်သည်။

Novel Coronavirus အဆုတ် ရောင်ရောဂါသည် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့ပြီး ကုသရန်အတွက် တိကျသော ဆေးဝါးမရှိသေးသော်လည်း ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှတစ်ဆင့် ရောဂါပိုးများ လေထဲသို့ရောက်ရှိပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက် ပျံ့နှံ့ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ထုတ်ပြန်ချက်အချို့အရ သိရှိရသည်။

အဆိုပါကူးစက်မြန်ရောဂါပိုးကို ကာကွယ်ရန် လူထူထပ်သောနေရာများသွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကို စင်ကြယ်အောင် မကြာခဏ ဆေးကြောရန်၊ နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်လုံခြုံအောင် နှာခေါင်းစည်းအသုံးပြုရန်၊ တိရစ္ဆာန်ကို အကာအကွယ်မရှိ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်၊ အသားငါးများကို သေချာစွာကျက်အောင် စနစ်တကျ ချက်ပြုတ်စားသုံးရန်၊ ကောင်းစွာ အိပ်စက်အနားယူရန်၊ အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ရန် ကျန်းမာရေးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် စက်မှုဇုန်တွင် စက်ရုံအလုပ်ရုံ၊ ပေါင်း ၁၀၀ ကျော်ရှိကာ တရုတ်နိုင်ငံသားဝန်ထမ်း ၈၀၀ ကျော် တာဝန်ထမ်းဆောင်နေသည့်အပြင် နှစ်သစ်ကူးချိန် တရုတ်ပြန်သွားသူ အယောက် ၄၀၀ ကျော်ခန့်ရှိသည်ဟု ပဲခူးစက်မှုဇုန် တာဝန်ရှိသူများနှင့် တိုင်းကျန်းမာရေးဦးစီးဌာနထံမှ သိရှိရသည်။

R-15