News

POST TYPE

NEWS

ကျောင်းဆရာမကို TNLA တပ်ဖွဲ့ဝင်သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းဝန်ခံ
29-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၈

ကွတ်ခိုင်မြို့နယ်၊ ဟွေခုတ်ကျေးရွာ မူလတန်းပြကျောင်းဆရာမကို တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တပ်ဖွဲ့ဝင်က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း TNLA က ဝန်ခံလိုက်သည်။

TNLA အဖွဲ့ဝင်တစ်ဦးဖြစ်သော မိုင်းဖိုးစိန် အသက် (၂၆)နှစ်သည် ဆရာမနေထိုင်သည့်အဆောင်တွင် ဇန်နဝါရီ ၂၅ ရက် ည ၇နာရီအချိန်တွင် ပစ်သတ်သွားခြင်းဖြစ်ပြီး မိုင်းဖိုးစိန်ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF / TNLA) တရားရေးဌာနမှ အများပြည်သူရှေ့မှောက်တွင် တရားစီရင်ပြီးပါက ပြည်သူလူထုထံသို့ ထပ်မံချပြရှင်းလင်းပေးသွားမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော် (ခရမ်းကုန်း)က "မြန်မာနိုင်ငံ တရားစီရင်ရေးကို အသိအမှတ်မပြုတဲ့သဘောပေါ့။သူတို့ဟာ သူတို့ စီရင်လို့မရဘူး။တရားဥပဒေနဲ့အညီပဲ ဆောင်ရွက်ရမယ်။အဲ့ဒီနယ်မြေမှာ အုပ်ချုပ်တဲ့ရဲတပ်ဖွဲ့က တာဝန်ယူပြီး ဆောင်ရွက်ပေးရမှာပေါ့။ သူတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတာမှ မဟုတ်ဘဲနဲ့ အဲ့လိုလုပ်လို့မရဘူး။နောင်လည်း ရာဇဝတ်မှုတွေ ကျူးလွန်မှာပေါ့။အဲ့ဒီလို ကာဗာယူလို့မရဘူး" ဟု မှတ်ချက်ပေးသည်။

တအာင်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာနေ ဆရာမဒေါ်မြမွှေးအောင်သည် ၎င်းတာဝန်ကျသည့် ဟွေခုတ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (ဆိမ်ဝမ်)ဝင်းရှိ ဝန်ထမ်းအိမ်ရာ၌ ရှိနေစဉ်  ဇန်နဝါရီ ၂၅ရက် ည ၇ နာရီခန့်တွင် TNLA အဖွဲ့မှ လက်နက်ကိုင်တစ်ဦးက လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ဒေါ်မြမွှေးအောင်သည် ၂၀၁၅ ခုနှစ်ကတည်းက အဆိုပါမူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သေဆုံးသူ၏ ရုပ်လောင်းကို ကွတ်ခိုင်မြို့၊ ကရုဏာလူမှုကူညီရေးအသင်းက မော်တော်ယာဉ်ဖြင့် ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအုပ်စုတွင် နေထိုင်သည့် အမျိုးသားတစ်ဦးကိုလည်း ဇန်နဝါရီ ၉ ရက် ည ၇ နာရီအချိန်က တာမိုးညဲဘက်မှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် တအာင်း (TNLA)တပ်သားမှ မူးယစ်ဆေးစစ်ရန်တားရာ မရပ်သဖြင့် သေနတ် ဖြင့် ပစ်လိုက်သောကြောင့် ကျည်ထိမှန် သေဆုံးခဲ့သည်။

နှင်းနုဝင်း