News

POST TYPE

NEWS

အသက်ကြီးပြီး ကျန်းမာရေးမကောင်းသော တပ်မတော်သားနှစ်ဦးကို AA ပြန်လွှတ်
29-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၈

အသက်အရွယ်ကြီးပြီး ကျန်းမာရေးမကောင်းသော တပ်မတော်သားနှစ်ဦးကို ဇန်နဝါရီလ ၂၈ ရက် နေ့လယ်က ပလက်ဝမြို့နယ်၊ ကင်းတလင်းကျေးရွာတွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) က ထုတ်ပြန်သည်။

AA က ပြန်လွှတ်ပေးသူနှစ်ဦးမှာ တပ်မ (၇၇) လက်အောက်ခံ ၊ မှော်ဘီအခြေစိုက် ခမရ (၃၁၃)တပ်မှ အသက် ၄၉ နှစ်အရွယ် တပ်ကြပ် ဦးမောင်ထွေးနှင့် အသက် ၅၃ နှစ်အရွယ် တပ်ကြပ် ဦးဇော်ဇော်တို့ဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့က ပလက်ဝမြို့နယ်၊ ပကာဝရွာ၊ အနောက်တောင်ဘက် ကာရမချောင်း အနောက်ဘက်ရှိ တောင်တန်းပေါ်တွင် ဖြစ်ပွားသောတိုက်ပွဲအတွင်းတွင် ဖမ်းဆီးခံခဲ့ရသည့် တပ်ဖွဲ့ဝင် ၁၃ ဦးအနက်မှ ၎င်းတို့နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်လာရောက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် AA ကဖမ်းဆီးထားသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ပြန်လွှတ်ပေးခဲ့ပြီးနောက် ယခုအခါ တပ်မတော်သားနှစ်ဦးကို ပြန် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

တပ်မတော်နှင့် AA တိုက်ပွဲများအတွင်း ဖမ်းဆီးရမိခဲ့သော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များရှိကြောင်း ၊ အစိုးရဘက်က ဖမ်းဆီးတရားစွဲဆိုထားသည့် ရခိုင်ပြည်သူများနှင့် တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးမည်ဆိုပါက AA က ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။         

ဇော်မိုးလွင်